စစ်ကော်မရှင်အုပ်စိုးထားတဲ့ မြို့နယ်များတွင် စစ်တပ်နှင့်ပြည်သူစစ်များမှ လူငယ်များကို စစ်မှုထမ်းရန် အဓ္ဓမတပ်သားသစ်ဖမ်းဆီးစုဆောင်းနေ။
ကချင်ပြည်နယ်။ ၁၂ ၊ ဒီဇင်ဘာလ ၊၂၀၂၅ ။
ကချင်ပြည်နယ်ရှိ မြို့နယ် (၅) ခုဖြစ်တဲ့ မြစ်ကြီးနား၊ ဖားကန့်၊ မိုးညှင်း၊ မိုးကောင်း၊ ပူတာအိုမြို့များတွင် စစ်ကော်မရှင်နှင့် ပြည်သူ့စစ်များက လူငယ်များကို စစ်မှုထမ်းရန် အဓ္ဓမလူသစ်ဖမ်းဆီး စုဆောင်းမှုများ ရှိနေ‌ကြောင်း ဒေသခံများထံမှ သိရပါတယ်။
မြစ်ကြီးနားမြို့တွင် ယခုအပတ်အတွင်း စစ်ကော်မရှင် စစ်တပ်များမှ အရပ်သားကားများဖြင့် ညအချိန် သွားလာတဲ့ လူငယ်များကို စစ်မှုထမ်းရန်ဖမ်းဆီးတာတွေရှိကြောင်း ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌မြို့ခံတစ်ဦးထံမှသိရပါတယ်။
” အခုတလော အရပ်ကားများနဲ့ လူငယ်တွေကို လိုက်ဖမ်းတာ ရှိတယ်။ ဒီအပတ်မှာပဲပေါ့ဗုဒ္ဓဟူး‌နေ့ ညပိုင်း ( 09:00 pm ) နာရီဝန်းကျင်‌က ဒူကထောင်သွားလမ်းမှာ လူငယ်တွေကို ဆွဲနေတာ မြင်လိုက်တယ်။ စစ်ဝတ်စုံလိုလို၊ ရဲဝတ်စုံလိုလိုနဲ့ သေနတ်တွေလည်းပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလတွင်လည်း စတားလင့်ဆိုင်‌တွေမှာ အင်တာနက်သုံးနေတဲ့ လူငယ်တွေကို ဖမ်းသွားတာရှိခဲ့တယ်။ အယောက် (၂၀) ကျော်လောက်ရှိမယ်။” လို့ မြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။
ထိုသို့ ဖမ်းဆီးခံရတဲ့ လူငယ်များကို မိဘများမှ သိန်းရာနဲ့ချီပေးပြီးလိုက်ရာတွင် ပြန်လွတ်ပေးတာရှိသလို၊ တစ်ချို့လူငယ်များကိုတော့ (လုံးဝ) လွတ်ပေးခြင်းမရှိတာကို ကြားသိရကြောင်းလည်း သူကဆက် ပြောပါတယ်။
ထို့အပြင် ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ပိုင်းမှ ဒီဇင်ဘာလပထမအပတ်အတွင်းတွင် မြစ်ကြီးနား- ဟိုပင်- မိုး‌ကောင်း- မိုးညှင်း- ဖားကန့် ကားလမ်းပိုင်းက ကျေးရွာတစ်ချို့ရှိ ပြည်သူများနဲ့ ခရီးသွားပြည်သူများကို စစ်တပ်နဲ့ ရှမ်းနီပြည်သူ့စစ်(SNA) များ ဖမ်းဆီးမှု‌တွေရှိကြောင်း မိုးညှင်းဒေသခံများထံမှ သိရပါတယ်။
“မိုးကောင်းမြို့နယ် နန်းခွင်ကျေးရွာမှာ အယောက် (၂၀) ကျော်ကို စစ်တပ်နဲ့ရှမ်းနီ ဖမ်းခေါ်သွားတယ်။ ပြီးတော့ ပင်းဘောဘက်မှာလည်း (၁၀) ယောက်အထက် အဖမ်းခံရတယ်။ခရီးသွားပြည်သူတွေကိုလည်းလမ်းတွေမှာ ဖမ်းဆီး‌ ခေါ်တာရှိတယ်။ အခုတလောအဲ့လို‌ပြောတာကြားတယ်။” လို့ မြို့ခံ လူငယ်အမျိုးသမီးတစ်ဦးက ပြောပါတယ်။
အလားတူ ပူတာအိုမြို့နယ်တွေမှာလည်း စစ်တပ်နဲ့ အတန်ပြည်သူ့စစ်များက ပူတာအိုလူငယ်ရှိတဲ့ နေအိမ်များကို ပြည်သူ့စစ်လုပ်ရန် စစ်မှုထမ်း ဥပဒေစာများဖြင့် ခြိမ်းခြောက်ဆင့်ခေါ်တာရှိကြောင်းသိရပါတယ်။
စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းသင်တန်းအပတ်စဉ် (၂၀) ကို ယခုဒီဇင်ဘာလလယ်လောက်မှာ ဖွင့်လှစ်သွားရန်ရှိကြောင်းသိရပါတယ်။

Leave a Reply