
နိုင်ငံရေးမငြိမ်သက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးပိတ်ဆို့မှုကြောင့် ကချင်ပြည်နယ်က အိမ်ရှင်မများ၏အခက်အခဲများ။
ဆောင်းပါး။
“လမ်းပန်းဆက်သွယ်ရေးပိတ်ဆို့တာက ဒီနှစ်မိုးမတိုင်ခင်ထဲက တော်တော်ဆိုးတယ်။ စစ်တပ်က စစ်ကြောင်းထိုးနေတော့ လမ်းကခဏခဏပိတ်တယ်လေ၊ မြစ်ကြီးနား-မန္တလေး ကားလမ်းကို ပိတ်ထားတာတစ်လကျော်ပြီ ၊အခြေခံကုန်ပစ္စည်းတွေက ဈေးတက်တဲ့အပြင် ပစ္စည်းပြတ်လပ်တာနဲ့ပါကြုံနေရတယ် ၊တောင်သူနဲ့ လက်လုပ်လက်စားသမားတွေ သာမကဘဲ လုပ်ငန်းရှင်တွေကိုပါထိတာ၊ လူတိုင်းရဲ့ဘဝက ဒုက္ခချည်းပါပဲ။ လမ်းကောင်းကိုပိတ်ပြီးကွင်းလမ်းကိုဘဲ သုံးပြီးသွားနေရတော့ ကုန်ကားဆို လမ်းမှာတစ်လ ကျော်ကြာတယ်။ ကုန်ပစ္စည်းတွေရောက်လာရင် မန္တလေးနဲ့ယှဉ်ရင် ဈေးနှုန်းက နှစ်ဆပေးဝယ်ရတယ်။ နေ့စဥ်ဝင်ငွေနဲ့ထွက်ငွေကမမျှတော့ အကြွေးတင်တော့တာဘဲ၊ မိသားစုတစ်ခုလုံးရဲ့ စားဝတ်နေရေးအတွက်စီမံခန့်ခွဲရတာဟာ နေ့တိုင်းစိတ်ဖိစီးမှုနဲ့ကြုံတွေ့နေရတယ်။ နိုင်ငံရေးအခြေအနေကို အကောင်းဖက်မြန်မြန် ပြောင်းလဲစေချင်ပြီ။ ” ဟု အသက်(၄၀)အရွယ် အိမ်ရှင်မကညီးတွားရင်း ပြောပါသည်။
တိုက်ပွဲများကြောင့် လမ်းပန်းဆက်သွယ်ရေး ပိတ်ဆို့ခြင်း၏ အကျိုးဆက်များအနေဖြင့် ဝင်ငွေမတည်ငြိမ်မှုဖြစ်ပြီး စားဝတ်နေရေးခက်ခဲလာခြင်းဖြစ်ပါသည်။ မိသားစုအတွင်းတွင် ကလေးငယ်များ၏ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး အစရှိသောကိစ္စများသည် အိမ်ရှင်မများအပေါ် တွင် ဖိအားအဖြစ် သက်ရောက်မှုများရှိလာပါသည်။
SNA မှလယ်ယာစိုက်ခင်းများထဲအထိ စစ်သားစုဆောင်းရေးဆွဲနေသောကြောင့် အရွယ်ရှိ အမျိုးသားများကို လယ်ယာလုပ်ငန်းထဲသို့ မလွတ်ရဲဘဲ မိသားစု၏စားဝတ်နေရေးသာမက လူမှုရေးကိစ္စများအတွက်ပါ အမျိုးသမီးများကသာ ဦးဆောင်နေကြရပါသည်။ လက်ရှိ စပါးစိုက်ပျိုးချိန်တွင် လယ်ယာလုပ်ငန်းများကို အမျိုးသမီးအများစုက ဦးဆောင်ဝင်ရောက် လုပ်ကိုင်နေကြရသည့် အပြင် အိမ်မှုကိစ္စများပါလုပ်ကိုင်နေကြရသောကြောင့် စိတ် ရောကိုယ်ပါပင်ပန်းနေကြရပါသည်။
“၂၀၂၀ခုနှစ် နောက်ပိုင်းကစလို့ လယ်စိုက်စရိတ်ကြီးပြီး လုပ်သားရှားပါးတာကြောင့် တောင်သူတွေဟာ တစ်တန်ကျဲဘဲစိုက်ကြရတော့ မျိုးစပါးရှုံးပြီး စပါးအထွက်နှုန်းလျှော့တယ်၊ ကောက်ပဲသီးနှံပေါ်ချိန်မှာ လမ်းပိတ်လို့ ဈေးကွက်မရှိ၊ ဝယ်သူမရှိနဲ့တောင်သူတွေ နှစ်တိုင်း ရှုံးတယ်။ “ဟု ယင်းတောင်သူအမျိုးသမီးမှ ပြောသည်။
ထို့အပြင် ရာသီဥတုဖောက်ပြန်ပြီး ရေကြီး ရေလျှံမှုများကြောင့် လယ်ယာစိုက်ခင်းများ၊ လူနေ အဆောက်အအုံများ၊ ကုန်ပစ္စည်းများရေစိုပြီး ပျက်စီးဆုံးရှုံးမှုများနှင့်ကြုံတွေ့နေရပါသည်။
မြို့ပေါ်နေအိမ်ရှင်မတစ်ဦး၏ရင်ဖွင့်ပြောပြသည့်စကားသံ…
“မြို့ပေါ်ဆိုတော့ အသီးအရွက်ကအစဝယ်စားရတယ်၊ သောက်ရေလည်းဝယ်သောက်ရတယ်၊ကုန်ဈေးနှုန်းကြီးလွန်းတော့ အသားငါး ဝယ်စားနိုင်ဖို့မလွယ်တော့ဘူး၊ ပဲနဲ့ဟင်းသီးဟင်းရွက်ကိုဘဲ အားပြုပြီးစားရတော့တယ်။ အရင်ကဆိုရင်အသားမဝယ်စားနိုင်လည်း ကြက်ဥ တော့ဝယ်စားနိုင်သေးတယ် ၊ကြက်စာမရှိလို့ ဒေသကြက်ဥလည်း ပြတ်ကုန်ပြီ၊တရုတ်ကြက်ဥတစ်လုံးတောင် (၁၀၀၀)ဖြစ်နေပြီ ၊ ဓါတ်ဆီဈေးကလည်း တစ်လီတာ(၁၂၅၀၀)ဆိုတော့ ကလေး ကျောင်းကြို ကျောင်းပို့နဲ့ဆို တစ်ရက်တစ်လီတာလောက်ကုန်တယ်၊ ခုခေတ်ကာလက အရွယ်မရောက် သေးတဲ့ ကျောင်းသားတွေကို ဟိုကဆွဲ၊ သည်ကဆွဲနဲ့ မြို့ပေါ်ကျောင်းနေကလေးလည်းမလုံခြုံတော့ဘူး ကျောင်းကိုဒီတိုင်းမလွတ်ရဲလို့ လိုက်ပို့နေရတယ် ။”ဟု အဖက်ဖက်ကစိုးရိမ်နေရကြောင်း ယင်းအိမ်ရှင်မက ပြောပါသည်။
အာဏာသိမ်းပြီးနောက်ပိုင်းမှစတင်၍ မိသားစုစားဝတ်နေရေးအပြင် အဖက်ဖက်မှဖိအားများသည် အိမ်ရှင်မများ၏ပုခုံးပေါ်သို့ အလိုလိုကျရောက်လာပြီး ကိုယ်ရောစိတ်ပါ စိတ်ဖိစီးမှုများနှင့် ရင်ဆိုင်နေကြရပါသည်။
