ကချင်ပြည်နယ် မတ်လအတွင်း ဖြစ်ပွားခဲ့သော အရပ်သားထိခိုက်သေဆုံးမှု
ကချင်ပြည်နယ်။ ၃၊ဧပြီလ၊၂၀၂၆
မတ်လအတွင်း ကချင်ပြည်နယ်တွင် စုစုပေါင်း အရပ်သားထိခိုက်ခံရသူ(၁၄၀) ဦး အထိ ရှိခဲ့ပြီး လွန်ခဲ့တဲ့ ဇန်နဝါရီလ (၁၁၉ ဦး) နှင့် ဖေဖော်ဝါရီလ (၁၁၅ ဦး)နဲ့ နှိုင်းယှဉ်ပါက မတ်လအတွင်း အရပ်သားထိခိုက်မှုနှုန်း မြင့်တက်လာသည်ကို တွေ့ရပါသည်။ ကျူးလွန်သူများ စစ်ကော်မရှင်တပ်မှ ၇၆.၄၃% (၁၀၇ ဦး) ဖြင့် အဓိက တာဝန်ရှိပြီး ပြည်သူ့စစ် (Militia) များကြောင့် ထိခိုက်သူ ၁၄.၂၉% အထိ မြင့်တက်လာသည်ကို သတိပြုဖွယ် တွေ့ရှိရသည်။
မြေပြင်အခြေအနေနှင့် ထိခိုက်မှုဖြစ်စဉ်များအပေါ် သုံးသပ်ရာတွင်
 သေဆုံးသူ အရပ်သားဦးရေ အများစုမှာ လေကြောင်းတိုက်ခိုက်မှု (Airstrike) ကြောင့် ဖြစ်ပြီး သေဆုံးသူ ၁၀၀ ဦးအထိ ရှိခဲ့သည်။ ဤသည်မှာ လူနေရပ်ကွက်များနှင့် အရပ်သားများရှိရာ နေရာများကို ပစ်မှတ်ထား၍ အင်အားအလွန်အကျွံသုံးကာ တိုက်ခိုက်နေခြင်းကို ထင်ရှားစေသည်။
 လေကြောင်းတိုက်ခိုက်မှုအပြင် လက်နက်ကြီးပစ်ခတ်မှု (Artillery Fire) နှင့် မြေမြှုပ်မိုင်း (Landmine) များကြောင့် ထိခိုက်ဒဏ်ရာရသူများရှိနေခြင်းမှာ အရပ်သားများအတွက် လုံခြုံသောနေရာ မရှိသလောက်ဖြစ်နေကြောင်း ပြသနေပါသည်။
 ထို့အပြင် မတ်လအတွင်း အရပ်သား ၂၁ ဦး ဖမ်းဆီးခြင်းခံခဲ့ရသည်။ ဤသည်မှာ စစ်ရေးပဋိပက္ခကြားတွင် အရပ်သားများကို ဓားစာခံအဖြစ် အသုံးပြုခြင်း သို့မဟုတ် သံသယဖြင့် ဖမ်းဆီးခြင်းဖြစ်နိုင်သဖြင့် အခြေခံလူ့အခွင့်အရေးများကို ပြင်းထန်စွာ ချိုးဖောက်နေခြင်းဖြစ်သည်။
နယ်မြေအလိုက်ထိခိုက်မှုအများဆုံး ဒေသများမှာ –
၁. ဗန်းမော် (Bhamo)- ၁၀၀ ဦး
၂. မိုးညှင်း (Mohnyin)- ၂၆ ဦး
၃. ဖားကန့် (Hpakant)- ၁၀ ဦး
ဗန်းမော်ဒေသတွင် ထိခိုက်သေဆုံးမှု ၁၀၀ ဦးအထိ ရှိနေခြင်းမှာ ၎င်းဒေသအတွင်း ပြင်းထန်သော လေကြောင်း တိုက်ခိုက်မှုများ သို့မဟုတ် အစုလိုက်အပြုံလိုက် သေဆုံးစေနိုင်သည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့ကြောင်း ညွှန်ပြနေ ပါသည်။ မိုးညှင်းနှင့် ဖားကန့်ဒေသတို့တွင်လည်း စစ်ရေးတင်းမာမှုများ ဆက်ရှိနေဆဲဖြစ်သည်ကို တွေ့ရပါသည်။
အချက်အလက်များအရ ဗန်းမော်ကဲ့သို့သောဒေသများတွင် အရပ်သားသေဆုံးမှုမြင့်တက်လျက်ရှိနေပြီး လူသား ချင်းစာနာမှုဆိုင်ရာ အကျပ်အတည်း ရုတ်တရက် မြင့်တက်လာနေသည်ကိုတွေ့ရသည်။ ၎င်းအခြေအနေသည် အရပ်သားများအား ကာကွယ်မှု လုံးဝကင်းမဲ့နေခြင်းကိုမြင်သာစေပြီး နိုင်ငံတကာလူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာဉပဒေ အခွင့်အရေးများကိုဆိုးရွားစွာကျူးလွန်လျက်ရှိနေသည် ကိုမြင်တွေ့ရသည်။

 

Leave a Reply