
ဖားကန့်မြို့တွင်း စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးရမ်းတမ်းပစ်ခတ်လို့ အရပ်သားသေဆုံးမှုများရှိနေ
ဖားကန့် မြို့။ ၈၊ ဩဂုတ်လ၊၂၀၂၅
ကချင်ပြည်နယ် ဖားကန့်မြို့တွင်း အရပ်သားများရှိတဲ့ဘက် စစ်ကောင်စီဘက်မှ လေကြောင်းပစ်ခတ်မှုနဲ့ ဖားကန့်တပ်မ ဗျူဟာကုန်းမှလက်နက်ကြီးများ ရံဖန်ရံခါ ပစ်ခတ်မှုပြုလုပ်နေတဲ့အပြင် နေရာတစ်ချို့မှာဒရုန်းများလွတ်ထားတာတွေ ရှိကြောင်းသိရပါတယ်။
ယမန်နေ့ ည ၉:၀၀နာရီကျော်ခန့်တွင် စစ်ကောင်စီတပ်မကုန်းမှ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ဖားကန့် ဆိုင်းတောင်ဆုတောင်းကုန်းဘက်မှာကျရောက် ပေါက်ကွဲပြီး အရပ်သားအမျိုးသမီးတစ်ဦးသေ၊ ၅ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။
“ဟုတ်တယ်။ ဆိုင်းတောင်ဖားကန့် တပ်မ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်လို့ ဆုတောင်းကုန်းဘက်က ဆိုင်ကယ်ရပ်တဲ့နေရာစောင့်အမျိုးသမီးတစ်ဦး သေသွားတယ်။ ဒဏ်ရာရသူလည်း အနည်းဆုံး ၅ယောက်ရှိတယ်” လို့ ဆိုင်းတောင် ဒေသခံတစ်ဦးက ပြောပါတယ်။
ထို့အပြင် ညနေ ၄း၀၀ နာရီ ဝန်းကျင်ခန့်ကလည်း ဖားကန့် ဆွတ်ဘွမ်ယန် (အမှိုက်ပုံ) ဘက် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာရှိကြောင်းနဲ့ အရပ်သားထိခိုက်မှုရှိနိုင်ကြောင်း သူကဆက် ပြောပါတယ်။
စစ်ကောင်စီ၏တပ်မဗျုဟာကုန်းကို KIAနဲ့ ပူးပေါင်းတပ်တို့ဘက်မှ တိုက်ခိုက်လာပါက ဖားကန့်မြို့ကို ပြာဖြစ်သွားအောင် ဗုံးကြဲပစ်မယ်လို့ ခြိမ်းခြောက်ထားမှုတာရှိကြောင်း ဒေသခံတစ်ချို့ကပြောကြပေမဲ့ အတည်မပြုနိုင်ကြောင်းလည်း သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၆ရက်နှင့် ၅ ရက်နေ့ကလည်း စစ်ကောင်စီဘက်မှ လက်နက်ကြီးပစ်ခတ်လို့ စည်ပင်ကျေးရွာနဲ့ ဆွတ်ဘွမ်ကျေးရွာရှိ အရပ်သားများ ထိခိုက်သေဆုံး၊ ဒဏ်ရာရတာရှိခဲ့ ကြောင်း သိရပါတယ်။
