ကချင်ပြည်နယ် မေလနောက်ဆုံးပတ်အတွင်း ဖြစ်ပွားခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်စဉ်များ
မေလ နောက်ဆုံးပတ်အတွင်း အရပ်သား ၃ ဦး သတ်ဖြတ်ခံရပြီး ခိုးဆိုးလုယက်မှုတွေ ပိုများပြားလာပါတယ်။
မေလ ၂၉ ရက်နေ့ ဖားကန့် လုံးခင်းတွင် စစ်ကော်မရှင်တပ်မှ အရပ်သား (၃)ဦးကို ပစ်သတ်ခဲ့ပါတယ်။ ၎င်းသတ်ခံရသူ အရပ်သား (၃)ဦးဟာ စကမ တပ်စွဲထားတဲ့ လုံးခင်းဆေးရုံကုန်းနဲ့ကပ်လျက် သင်္ဂဟလူမှုရေးအသင်း O2 စက်ရုံဝင်းထဲ ဖြစ်ပြီး စစ်တပ်မှ ပစ်သတ်ထားတဲ့နွားကို အမဲဖျက်ရောင်းချရာကနေ ပစ်သတ်ခံရကြောင်း အွန်လိုင်းသတင်းစာမျက်တွင် ဖော်ပြထားပါတယ်။
စစ်ရေးအခြေအနေ
လက်ရှိတွင် ဖားကန့်၊ ရွှေကူ၊ ကသာ၊ ဗန်းမော်တွင် KIAပူးပေါင်းတပ်နဲ့ စစ်ကော်မရှင်တို့ကြား တိုက်ပွဲပြင်းထန်နေပါတယ်။
စစ်ရေးအရ KIA ဘက်မှ ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်တွင် ဖားကန့်-နန့်ယား-ကာမိုင်းလမ်းပိုင်းအား ယာယီပိတ်ထားခဲ့ပြီး ယခုမေလ ၂၇ ရက်နေ့တွင် ကျောင်းဖွင့်ရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် ပြည်သူလူထုနှင့် ကျောင်းသူ/သားများ သွားလာရေးအဆင်ပြေစေရန်ဆိုပြီး KIA တပ်မဟာ(၉) ညွှန်ကြားချက်အရ ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
ထိုအပြင် မေလ ၂၁ ရက်တွင် တိုက်ပွဲအရှိန်ပြန်မြင့်လာတာကြောင့် မန္တလေး – မြစ်ကြီးနား လမ်းပေါ်ရှိ နန့်စီးအောင် – မော်လူး – နဘား – အင်းတော်ကားလမ်းနဲ့ ထီးချိုင့် – ကသာလမ်းပိုင်းကို အမှတ်(၁)စစ်ဒေသဌာနချုပ် ကသာခရိုင် ကွပ်ကဲရေးရုံးက ယာယီပိတ်လိုက်ကြောင်း ထုတ်ပြန်ခဲ့ပြီး ယခု မေလ ၂၇ ရက်တွင် တော်လှန်ရေးတပ်ဖွဲ့မှ ပြန်လည်ဖွင့်ပေးခဲ့ပါတယ်။
ဓါးပြတိုက်လုယက်မှု
စစ်တပ် နဲ့ ပြည်သူ့စစ်တပ်ထိန်းချုပ်ထားတဲ့ ဒေသများတွင် မကြာခဏဆိုသလိုပြင် ဓါးပြတိုက်၊လုယက်မှုတွေဖြစ်ပေါ်နေပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၈ ရက်နေ့တွင် ဖားကန့်၊ လုံးခင်း ရပ်ကွက်(၃) ရှိ ဦးဂျိုးဇက် (ဝက်ခုံပိုင်ရှင်) ဓါးပြတိုက်ခံရကာ သိန်း(၁၂၀)ပါသွားခဲ့ပါတယ်။ ဆက်လက်ပြီး မှော်စီစာ၊လယ်ပြင် ၊ ငြိမ်းချမ်းသာယာကျေးရွာတို့တွင်လည်း နေ့စဉ် နဲ့အမျှ စကမ နဲ့ အနိုင်ကျင့် ဗိုလ်ကျမှု နဲ့ ဓါးပြတိုက်ခံရမှုတွေကို ကြုံနေရပါတယ်။
မေလ ၂၆ ရက်နေ့ တွင်လည်း လုံးခင်း၊ ရွှေမော် တည်းခိုခန်းရှေ့မှာ Crown ကားစီးလာတဲ့ ဇနီးမောင်နှံကားကို ဝါရာဇွပ်ဘက် တံဆိပ်ပါ သေနတ်ကိုင်သူတွေကတားပြီး ကားပေါ်တက်လိုက်ကာ ဆေးရုံကုန်းဘက်မောင်းခိုင်းပြီး ကားသိမ်းမယ်ပြောတော့ ၎င်းတို့ ဇနီးမောင်နှံက ကားကိုမသိမ်းပေးဖို့ လက်အုပ်ချီတောင်းပန်ကာ ပါလာတဲ့ ဆယ်သိန်းနဲ့ ဖုန်းတွေပေးခဲ့ရပါတယ်။
မေလ၂၄ ရက် လီဆူအသင်းတော်မှ သင်းအုပ်ဆရာဇနီးမောင်နှံ နဲ့ သင်းထောက် တို့ ဘုရားဝတ်ပြုအပြန် ပလန နယ်မြေ(၅)နဲ့ ရွှေစက်လမ်းကြားမှာဓါးပြတိုက်ခံရကာ ဆိုင်ကယ်နှစ်စီးနဲ့ ဖုန်းအပြင် ဗဟိုအသင်းချုပ်ကိုပို့ရမယ့် အသင်းတော်ရဲ့ အလှူငွေ တွေကိုပါ လုယက်ခံခဲ့ရပါတယ်။ ယခုကဲ့သို့ ဓါးပြတိုက်လုယက်မှု နေ့စဉ်နဲ့ အမျှဖြစ်ပေါ်နေသော်လည်း တာဝန်ရှိသူများမှ စစ်ဆေး အရေးယူ ဖမ်းဆီးမှု အလွန်နည်းပါးကြောင်း လေ့လာတွေ့ရှိရပါတယ်။
အခြာထူးခြားဖြစ်စဉ်များအနေဖြင့်
မေလ ၂၅ ရက်နေ့တွင် ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (KHRW) နဲ့ တက္ကသိုလ်ကျောင်းသား လူငယ်အချို့က မြစ်စုံစီမံကိန်းကို ကန့်ကွက် တဲ့အနေနဲ့ ဧရာဝတီမြစ်ရေ ထာဝရစီးဆင်းပါစေ၊ No MyitSon Dam၊ Save Ayeyarwaddy စတဲ့ စာသားများနဲ့အတူ ဧရာဝတီမြစ်ဘေးနားတွင် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ မေလ တတိယပတ်တွင် စစ်ရှောင်အိမ် ၅၇ လုံးမီးရှို့ဖျက်ဆီးခံခဲ့ရပြီး ၊ ဒရုန်း နဲ့ လက်နက်ကြီးကျကွဲမှုကြောင့် အရပ်သား နေအိမ် ထိခိုက် ပျက်စီးမှုလည်းရှိနေသည့်အပြင် မြစ်ကြီးနား နဲ့ ဖားကန့်ဒေသတို့တွင် ဓါးပြတိုက်လုယက်ခံရမှုတွေလည်း ရှိခဲ့ပါတယ်။
