ကချင်ပြည်နယ်။ ။ ၂၆၊ အောက်တိုဘာလ၊ ၂၀၂၄
သတင်းဆောင်းပါး
ကချင်ပြည်နယ်တိုက်ပွဲကြားမှာ နေလို့မရလို့ နေရပ်စွန့်ခွာလာပြီး မိသားစုဝမ်းရေးအတွက် မြေရှားသတ္တုတွင်းတွေမှာ လုပ်ကိုင်နေတဲ့အမျိူးသမီးတွေဟာ အမျိုးသားတွေနဲ့တန်းတူလုပ်ခလစာမရတဲ့အပြင် တရုတ်တွေရဲ့ လိင်အမြတ်ထုတ်ခြင်းကိုခံနေရပါတယ်။
ကချင်ပြည်နယ် မိုင်ဂျာယန်မြို့နယ် မုဘွမ်‌ (မိုးကြိုးတောင်)ကမြေရှားသတ္တုတွင်းမှာ အလုပ်လုပ်နေတဲ့အမျိုးသမီးတဦးရဲ့ပြောပြချက်အရ “အမျိုးသားလုပ်သားတွေဆိုရင် တလမှာ တရုတ်ငွေယွမ်(၃၀၀၀)ရပေမယ့် အမျိူးသမီးတွေဟာယွမ်(၂၀၀၀) ဘဲရကြပါတယ်၊လုပ်ငန်းခွင်ထဲဝင်တာနဲနဲကြာမှ ယွမ်(၃၀၀၀)ပေးတာ၊အရွယ်ငယ်ပြီးလှတဲ့မိန်းကလေး လုပ်သားတွေကိုဆိုရင် တရုတ်ကိုယ်စားလှယ်တွေက မုဒိန်းကျင့်ချင်လို့ ချောင်းနေတာ၊ အဲ့လိုမျိုးပြသနာတွေခဏခဏဖြစ်တယ်၊တရုတ်နဲ့အတူအိပ်ဖို့ အငှားမယားခေါ်တာလဲ တလမှ(၃၀၀၀) ဘဲရတာ၊မတန်မရာပေးပြီးခေါ်တာဆိုတော့ ဘယ်သူမှ လက်မခံချင်ကြဘူး၊တချို့မိန်းကလေးတွေကျတော့ အိမ်ကမိသားစုကအရမ်းခက်ခဲတော့ သတ္တုတွင်းမှာ အလုပ်လုပ်ရင်း အငှားမယားပါလုပ်ကြတော့ တလယွမ်(၆၀၀၀)လောက်နဲ့ဘဝကိုရင်းနေကြရတာ၊” လို့ ပြောပါတယ်။
တရုတ်တွေက အသက်၂၀နှစ်ကနေ၂၅နှစ်အရွယ်မိန်းကလေးတွေကိုသာ အငှားမယားပြုလုပ်ကြပြီး မြေရှားသတ္တုဆိုက်အတွင်းမှာ လိင်အကြမ်းဖက်ခံရသောမိန်းကလေးလုပ်သားတွေဟာ အငှားမယားအဖြစ်ဘဝကိုရေစုန်မျှောနေကြတာရှိတယ်လို့ သိရပါတယ်။
မြေရှားသတ္တုဆိုက်မှာအလုပ်လုပ်နေကြတဲ့အမျိုးသမီးတွေရဲ့အလုပ်လုပ်ချိန်ဟာမနက်(၇)နာရီကနေ ညနေ၇နာရီထိ ဖြစ်ပြီး နေလည်ထမင်းစားနားချိန် ၂ နာရီပေးတယ်လို့ သိရပါတယ်။ ရေကြည့်ရတဲ့နေရာမှာ အလုပ် လုပ်တဲ့အမျိုးသမီးတွေကတော့ နေ့ဆိုင်းနဲ့ညဆိုင်းဆိုပြီး အလုပ်ဆိုင်းခွဲပြီးလုပ်ကြရပါတယ်။ မြေဆီအိတ်ဖောက်တဲ့နေရာမှာ လုပ်ကြတဲ့လုပ်သားတွေဟာ နှာခေါင်းစည်းနှစ်ထပ်နဲ့ လက်အိတ်ဝတ်ဆင်ထားပေမယ့် မြေဆီအမှုန့်တွေ နှာခေါင်းထဲဝင်ရင် နှာခေါင်းသွေးယိုတာတွေဖြစ်ပြီး မျက်လုံးထဲဝင်ရင်တော့ မျက်စိစပ်တယ်လို့ သိရပါတယ်။မြေဆီဖောက်တဲ့လုပ်သားတွေဟာ မြေဆီတအိတ်ကို(၃) ယွမ်သာရပြီး အသက်အန္တရယ်ထိအောင် ရောဂါရနိုင်တဲ့အထိ အဆိပ်ပြင်းတယ်လို့သိရပါတယ်။ မြေဆီဖောက်တဲ့အလုပ်ဟာ အသက်အန္တရာယ်စိုးရိမ်ရတာမို့ တစ်လခွဲ၊ နှစ်လ အများဆုံးသာ လုပ်ကြတယ်လို့သိရပါတယ်။
“မြေရှားသတ္တုတူးဖော်တာက တောင်တွေကိုအပေါက်ဖောက်ပြီး တရုတ်ကသယ်ယူလာတဲ့မြေဆီတွေလောင်းထည့်တာ၊မြေဆီတွေနဲ့မြေကိုဆွေးမြေ့အောင်လုပ်ကြတာမို့ တောင်တွေဟာ အပေါက်တွေနဲ့ပျက်စီးသွားတာ၊တောင်တွေက အခုဆိုရင်တဖြေးဖြေးနဲ့ အောက်ကိုနိမ့်လာပြီ။ သတ္တုဆိုက်ကထွက်သမျှ စွန့်ပစ်ပစ္စည်းတွေဆိုရင်လဲ လမ်းပေါ်မှာ ပစ်စလက်ခတ် ပြစ်ထားပေးတာ၊တရုတ်တွေက စည်းကမ်းမရှိကြဘူး။ ချောင်းရေဆိုရင် သောက်ဖို့မပြောနဲ့သုံးလို့တောင်မရတော့ဘူး။ရေ၊မြေအကုန်ပျက်စီးသွားပြီ။ သတ္တုတူးပြီးလို့ အဲ့ဒီမြေက ဒေသခံလက်ထဲပြန်ရောက်ရင်လဲ ဘာမှသုံးစားမရတော့ဘူး။”လို့ သတ္တုတူးဖော်သည့်နေရာအနီးမှာ‌နေတဲ့ မျက်မြင်သက်‌သေတဦးကပြောပါတယ်။
မြေရှားသတ္တုတူးဖို့ ဒေသခံတွေရဲ့စိုက်မျိုးမြေတွေကိုငှားရမ်းရာမှာ တဧကမှ မြန်မာငွေ(၈)သိန်းကျပ်ဖြင့်သာ ငှားရမ်းတယ်လို့သိရပါတယ်။
Red PowerRanger ✍️

Leave a Reply