နိုင်ငံရေးမငြိမ်သက်မှုနှင့်မလုံခြုံသောလူသားတို့ရဲ့ရင်နှင့်စရာဖြစ်ရပ်များ

သတင်းဆောင်းပါး။

နိုင်ငံရေးမငြိမ်သက်ခြင်းရဲ့နောက်ကွယ်က မလုံခြုံသော လူသားတို့ရဲ့ရင်နှင့်စရာဖြစ်ရပ်တွေလို့ပြောရင် ပိုမှန်ပါလိမ့်မယ်။

မိဘမဲ့အပျိုကြီးဘဝကနေအသက်၄၀ ကျော်မှ အားကိုးရှာပြီး အိမ်ထောင်ပြုလိုက်တဲ့မခင်ခင် (အမည်လွဲ)ရဲ့ဘဝအကြောင်းလေးပေါ့။မခင်ခင်က အနေအထိုင်သိမ်မွေ့ ပြီးမိန်းမသားဆန်တယ်။ လွန်ခဲ့တဲ့၄နှစ်ကမှ ကိုထွန်း( အမည်လွဲ)နဲ့အိမ်ထောင်ကျပြီး သမီးလေးတယောက်ရတယ်။ မချမ်းသာပေမယ့်လဲ အေးချမ်းတဲ့မိသားစုဘဝကိုပိုင်ဆိုင်ထားလို့ အိမ်နီးနားချင်းတွေတောင် အားကျရတဲ့မိသားစုလေးဖြစ်တယ်။
သူမဘဝရဲ့ကံဆိုးမိုးမှောင်ကျတဲ့နေ့လို့ ပြောရမှာပေါ့။သူမသမီးလေးကိုရင်ခွင်ထဲထည့်ပိုးပြီး အမျိုးသားနဲ့အတူ အခင်းကပြန်လာကြတယ်။ နေကလဲပူဆိုတော့ အမျိုးသားရဲ့အရှေ့ကနေ အိမ်ကိုရောက်ဖို့ သူမခပ်သုတ်သုတ်လမ်းလျှောက်လာတယ်။
မခင်ခင်ရဲ့ပြောပြချက်။ ။
“နန့်ရင်းချောင်းကူးတံတားအကျော်မှာဘဲ “ဂျိမ်း”ဆိုတဲ့အသံအကျယ်ကြီးကျမနားထဲမှာ ကြားလိုက်ရတယ်။အသံကြားရာဖက်လှည့်ကြည့်လိုက်တော့ ကျမအမျိုးသားက သွေးအိုင်ထဲမှာလဲကျနေပြီ။ ကျမ အမျိုးသား လဲကျနေတဲ့‌နေရာကို ပြန်အလှည့်မှာဘဲ နောက်ထပ် “ဂျိမ်း”ဆိုတဲ့အသံနဲ့အတူ ကျမရဲ့ညာဖက်လက်မောင်းအောက်ဖက်က စူးကထဲ နာလာတယ်။သွေးတွေကလဲ တအားထွက်နေပြီ။ကျမ ခေါင်းထဲမှာ ကြောက်လန့်စိတ်ကနေရာယူနေတယ်။နောက်ထပ် “ဂျိမ်း”ဆိုတဲ့အသံလာရင် ကျမ ရင်ခွင်ထဲကသမီးလေးကိုများထိမလားဆိုတဲ့အတွေးကြောင့် သွေးအိုင်ထဲ လဲကျနေတဲ့ အမျိုးသားကို ပစ်ထားပြီး ပြေးထွက်ခဲ့ရတယ်။ ပါးစပ်ကလဲ “ယောက်ျားရေ ပြေးနိုင်ရင်ပြေးခဲ့ပါ ကျမကတော့ သမီးလေးကို ထိမှာစိုးလို့ ပြေးနှင့်ပြီ” လို့ မျက်ရည်တွေနဲ့အော်ပြောရင်း ရွာဖက်ကို ပြေးနိုင်သလောက်အမြန်ဆုံးပြေးရင် ကျမအနောက်ကို လှည့်ကြည့်လိုက်ချိန်မှာ ကျမအမျိုးသားက ခြေလှမ်းသုံးလှမ်းလောက်အားယူလှမ်းရင် လဲကျသွားတာ‌တွေ့တယ်။
မခင်ခင်ဟာသူ့ရဲ့အမျိုးသားအသက်မရှင်နိုင်တော့မှန်း သိလိုက်ရချိန်မှာ သူမရဲ့ဒါဏ်ရာနဲ့ရွာကလူတွေကိုအကူအညီတောင်းဖို့ လှည့်မကြည့်ဘဲ ပြေးနေပါတော့တယ်။ ရွာကိုအရောက်မှာလူတွေကို အကူအညီတောင်းဖို့ရှာတယ်။ လက်နက်ကြီးပစ်ခတ်သံတွေကြောင့် ရွာထဲမှာ လူတွေမရှိကြတော့ဘူး။ ဖြစ်ရပ်ကမြန်ဆန်လွန်းတော့ ရှိုက်ကြီးတငင် ငိုဖို့တောင်မေ့နေတယ်လို့ဆိုတယ်။
“တရွာလုံးရှောင်ပြေးကုန်ကြတော့ ကျမအမျိုးသားရဲ့နာရေးအိမ်က လာတဲ့သူတောင်မရှိဘူး။ ပိုပြီးဝမ်းနည်းရတာက ကျမသမီးလေးအတွက် အဖေမရှိတော့ဘူး။ ကျမသမီးလေးက အခုမှ သုံးနှစ်တောင်မပြည့်သေးဘူး။ သမီးလေးရဲ့ရှေ့ရေးကရှိသေးတယ်။ ကျမတို့အခင်းလုပ်တဲ့နေရာက လက်နက်ကြီးကျလို့ လူခဏခဏသေတဲ့နေရာဆိုတော့ အခင်းထဲလည် မသွားရဲဘူး။ အခင်းထဲကထွက်တဲ့သီးနှံတွေရောင်းပြီးမှ စားရတာဆိုတော့ ကျမတို့သားအမိတော့ အခက်တွေ့ပြီ။ လက်နက်ကြီးကျည်မှန်တဲ့ညာလက်ကဒါဏ်ရာက ကြွက်သားပြတ်ပြီး အရိုးနာထိကပ်သွားလို့ အလေးအပင်မ ဖို့မပြောနဲ့ လုံခြည်တောင်ဝတ်ဖို့အဆင်မပြေတော့ဘူး။ သမီးလေးကလဲ သူ့အဖေက သူ့မျက်စိရှေ့မှာတင်ဖြစ်သွားတာဆိုတော့ အရမ်းကြောက်နေတယ်။ “လို့ဆိုတယ်။
မခင်ခင်တို့မိသားစုရဲ့ ရင်နှင့်စရာဖြစ်ရပ်ဖြစ်ပြီးနောက်ရက်ကစလို့ စစ်လေယာဉ်တွေ ကောင်းကင်မှာ နေ့စဉ်ရက်ဆက်ဆိုသလိုပျံဝဲနေတယ်လို့ ပြောတယ်။ မလုံခြုံမှုကိုခံစားရလို့ ရှောင်တိမ်းစရာဆွေမျိုးကလဲမရှိတော့ ဗုံးကျင်းတူးပြီးသားအမိနှစ်ယောက် ဗုံးကျင်းထဲ အိပ်ကြရတယ်တဲ့လေ။

စစ်ကောင်စီက လက်နက်ကြီးရမ်းသမ်းပစ်ခတ်‌တာတွေကြောင့် ဒီလိုမျိုးလဲပြိုသွားကြတဲ့မိသားစုတွေ ဘယ်လောက်တောင်များရှိနေပြီလဲ။ မြန်မာပြည်ကြီးအမြန်ဆုံးငြိမ်းချမ်းပါစေလို့ ဆုတောင်းလိုက်ပါတယ်။

Leave a Reply