
Kachin Human Rights Insight မှမှတ်တမ်းရယူထားသော ၂၀၂၆ ဇန်နဝါရီလအတွင်း ကချင်ပြည်နယ်ရှိ အရပ်သားများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများ
……………………………………………………………………………………….
၂၀၂၆ ခုနှစ်၏ ပထမဆုံးလဖြစ်သော ဇန်နဝါရီလအတွင်း ကချင်ပြည် နယ် အတွင်း ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများနှင့် တိုက်ခိုက်မှုများကြောင့် အရပ်သား (၁၁၉) ဦး ထိခိုက်နစ်နာခဲ့ကြောင်း Kachin Human Rights Insight ၏ အချက်အလက်များအရ တွေ့ရှိရသည်။ ဤကိန်းဂဏန်းများသည် ဒေသခံအရပ်သားများ၏ အသက်ရှင်သန်ခွင့်၊ လုံခြုံမှုနှင့် လွတ်လပ်ခွင့်ဆိုင်ရာ အခြေခံလူ့အခွင့် အရေးများ ဆိုးရွားစွာ ချိုးဖောက်ခံနေရမှုကို သက်သေပြနေသည်။
အဓိကကျူးလွန်သူနှင့် တာဝန်ယူမှု (Perpetrators and Accountability)
အချက်အလက်များအရ စုစုပေါင်း ထိခိုက်နစ်နာမှု၏ ၉၁.၆% (၁၀၉ ဦး) မှာ စစ်ကောင်စီတပ် (Myanmar Military) ၏ လက်ချက်ကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ၎င်းသည် လက်နက်ကိုင်ပဋိပက္ခများအတွင်း အရပ်သားများကို အကာအကွယ်ပေးရမည့် နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေ (International Humanitarian Law) ကိုဆိုးရွာစွာ ချိုးဖောက်နေခြင်းဖြစ်ပြီး၊ စနစ်တကျ ရည်ရွယ်ချက်ရှိရှိ ကျူးလွန်နေသော အကြမ်းဖက်မှုများဖြစ်ကြောင်း ညွှန်ပြနေသည်။
လေကြောင်းတိုက်ခိုက်မှုနှင့် အရပ်သားသေဆုံးမှု (Airstrikes)
အရပ်သားသေဆုံးမှု ၂၉ ဦး အနက် ၂၂ ဦး သည် လေကြောင်းတိုက်ခိုက်မှု (Airstrikes) ကြောင့် သေဆုံးခဲ့ရခြင်း ဖြစ်သည်။ စစ်ရေးပစ်မှတ်နှင့် အများပြည်သူနေရာခွဲခြားမှု မရှိသော တိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှု (၂၂) ဦးနှင့် ဒဏ်ရာရရှိသူ (၂၈) ဦး ရှိပြီး နှစ်ခုပေါင်း (၅၀) ဦးရှိနေခြင်းသည် အရပ်သားနှင့်စစ်ရေးပစ်မှတ်မခွဲ(Indiscriminate attacks) တိုက်ခိုက်နေ ခြင်းဖြစ်ကြောင်းထင်ရှားစေသည်။ ထို့နောက် သေဆုံးသူ(၇)ဦးထဲမှ လက်နက်ကြီးထိမှန်ခြင်းနှင့် သေနတ်ဖြင့် ပစ်ခတ်ခဲ့ ခြင်းကြောင့် သေဆုံးသူ (၄) ဦးနှင့် အခြားနည်းဖြင့်သေဆုံးသူ (၃) ဦးရှိခဲ့သည်ကိုတွေ့ရှိရသည်။ ၎င်းသည် လေကြောင်းမှ သာမကပဲ မြေပြင်တွင်လည်းအရပ်သားများ ပစ်မှတ်ထားခံနေရ ကြောင်းထင်ရှား စေသည်။
မတရားဖမ်းဆီးမှုနှင့် ညှဉ်းပန်းနှိပ်စက်မှု (Arbitrary Arrest and Torture)
ဇန်နဝါရီအတွင်း ၅၂ ဦး အထိ မတရားဖမ်းဆီး ထိန်းသိမ်း(Arbitrary Arrest) ခံခဲ့ရသည်ဖြစ်စဉ်ရှိခဲ့သည်။ ပိုမိုစိုးရိမ်ဖွယ်ရာကောင်း သည်မှာ ဖမ်းဆီးခံရသူများအနက် ၈ ဦး မှာ ညှဉ်းပန်းနှိပ်စက်ခြင်း (Torture) ခံခဲ့ရခြင်း ဖြစ်သည်။
ဖြစ်စဉ်များကို ဒေသအလိုက်ခွဲခြမ်းကြည့်လျင် ဇန်နဝါရီအတွင်း အရပ်သားပြည်သူများ ထိခိုက်မှု အခြေအနေမှာ ဗန်မြို့နယ်၊ မြစ်ကြီးနားမြို့နယ်၊ ဖားကန့်မြို့နယ်၊ တနိုင်းမြို့နယ်၊ မိုးညှင်းမြို့နယ် နှင့် ဝိုင်းမောမြို့နယ်များဖြစ်သည်ကိုတွေ့ရသည်။
