
လူ့အခွင့်အရေးကျူးလွန်မှု – ဖမ်းဆီးနှိပ်စက်ထောင်ချ
စတင်ဖမ်းဆီးခေါ်ဆောင်သွားပုံဖြစ်စဉ်အကျဉ်း
တာလောကြီးမှာလယ်လုပ်ပြီးအပြန် သူ့ညီအိမ်မှာထမင်းစားဖို့စောင့်နေတဲ့အခါ ခလရ(၃၇) စစ်ကြောင်း က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ညှင်းပန်းနှိပ်စက်မှုများဖြင့် စစ်ဆေးမေးမြန်းခြင်းခံခဲ့ရပါသည်။ ထို့နောက်မြစ်ကြီးနားမြို့နယ် တရားရုံးသို့ရောက်လာကာ ၁၉၀၈၊ မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇(၁) ဖြင့်ရုံးတင်စစ်ဆေးလျက်ရှိသည်။
ကျောက်ကျီဘရန်ရှောင်၏ဇနီးထွယ်ဆန်ဂျားပြောဆိုချက်
“ ဘရန်ရှာင်က တာလောကြီးမှာ လယ်လုပ်ရင်း ကျန်နေတာ။ အိမ်မှာတောင်မနေဘူး။ သူ့ညီအိမ်မှာဘဲနေတယ်။ ကျမေနဲ့ကလေးတွေ လိုင်ဇာဘက်ကိုစစ်ရှောင်ရင်း နေနေတယ်။ ၆.၂.၂၀၁၂ ညနေ(၃) နာရီလောက်မှာ ပြည်သူ့စစ်လုပ်တယ်ဆိုပြီး လာဖမ်းသွားတယ်တဲ့။ ကျွန်မက လိုင်ဇာရောက်နေလို့မတွေ့လိုက်ဘူး။ သူ့ညီမခေါန်ရာ ကတော့တွေ့လိုက်တယ်တဲ့။ တာလောကြီးမှာ နှစ်ရက်ဖမ်းထားပြီး မြစ်ကြီးနားဘက်ခေါ်သွားတယ်တဲ့။ ကျမနဲ့တွေ့တဲ့အချိန်မှာတော့ မျက်နှာတစ်ခုလုံးယောင်နေတယ်။ ဘယ်ဘက်နားလည်မကြားတော့ဘူး။ ခြေထောက် ကိုလည်းညှပ်ပေးလို့ ခြေတစ်ဝက်ကကျင်သွားလို့ ဘာလုပ်လုပ်မခံစားရတော့ဘူးတဲ့။
သူ့ကိုစစ်တဲ့အခါ “နင့်ကိုရှာနေတာကြာပြီ’’ လို့ပြောတယ်တဲ့။ သူက “ကျွန်တောမဟုတ်ဘူးထင်တယ်။ ကျွန်တော ဘာမှ မလုပ်ဘူး” လို့ပြောရင် ပိုရိုက်တယ်တဲ့။ ဘရန်ရှောင်ကို ခေါင်းမှာ ပလပ်စတိတ်အုပ်ပြီးရိုက်တော့ သေတော့မလိုလိုပျော့ခွေလာတော့ သူတို့စွပ်စွဲတာ ကိုလက်ခံလိုက်ရတယ်တဲ့။ ခံယူပြီးနောက်မှ ရိုက်တာရပ်သွားတယ်တဲ့။ စဖမ်းသည့်ရက်က အရမ်းကိုရိုက်နှက်တယ်တဲ့။ ထမင်းနဲ့ရေတော့ပေးတယ်။ ဒါပေမဲ့ ဒဏ်ရာကြောင့်မစားနိုင်မသောက်နိုင်ဘူးတဲ့။
ဘရန်ရှောင်က စစ်သားလုပ်ဖို့မပြောနဲ့ ဒူလာဖြစ်နေတယ်။ လယ်လုပ်ရင်း ရေစိမ်တာများရင် ခြေထောက်တွေယောင်လာတယ် ။ ဘေလုံးလည်ကြီးလာတယ်။ အိမ်အလုပ်တောင်ကာင်းကောင်း မလုပ်နိုင်ဘူး။ ဘရန်ရှောင် မပြောတဲ့ စကားတွေ (ကေအိုင်အေတွေကို ကျည်ဆံပိုးပေးတာတို့၊ စစ်သားနံပါတ်) တို့ကို သူတို့ကရေးပြီး လက်မှတ်ထိုးခိုင်းတယ်တဲ့။ လက်မှတ်မထိုးရင်လည်း ဆက်နှိပ်စက်မှာစိုးလို့ထိုးလိုက်ရတယ်တဲ့။
ခုထောင်ထဲမှာတော့ ချောင်းဆိုး၊ယားနာလောက်ဘဲဖြစ်တယ်တဲ့။ ဆေးထည့်ရင်လည်းမသက်သာဘူး။ ပိုက်ဆံခုနစ်သိန်းလောက်တော့ကုန်ပြီ။ ရှေ့နေကိုလည်းတစ်သိန်းတော့ပေးပြီ။ ရုံးချိန်းတော့ တစ်လမှ တစ်ခေါက်ဘဲ လာနိုင်တယ်။ လိုင်ဇာ၊ဖုန်လုံယန် IDP Camp ကနေလာရတော့ ပိုက်ဆံအရမ်းကုန်လို့ အပတ်တိုင်းမလာနိုင်ဘူး။ သူ့ဆီလာဖို့ နေ့စားသွားပြီး ပိုက်ဆံစုပြီးလာရတယ်။ ကျွဲတစ်ကောင်းလည်း ရောင်းရတယ်။ အခက်အခဲတော့ပြောတောင်မပြောချင်ဘူး။ ထောင်ကိုစရောက်တုန်းကလည်း ငွေငါးသောင်ထည့်ပေးရတယ်။ မထည့်ခင်တော့ ထောင်ထဲမှာရေတွေ ခပ်ရတယ်တဲ့။ပိုက်ဆံထည့်ပြီးရင်တော့ ရေခပ်စရာမလိုတော့ဘူးတဲ့။ရုံးချိန်းလည်း အကြိမ်ရေမနည်းတော့ဘူး။ ဒါပေမဲ့ ၆ခေါက်ဘဲ စစ်သေးတယ်။
ခံစားချက်ကတော့ တစ်ယောက်တည်းအထီးကျန်ပြီး ပြောမပြတတ်လောက်အောင်ခံစားရတယ်။ ဗမာစစ်သားဆိုရင် မျက်နှာတောင်မကြည့်ချင်ဘူး။ ဘာအပြစ်မှမရှိဘဲ ဒီလိုရိုက်နှက် စစ်ဆေးတာကို သည်းခံ နိုင်ရည်တောင်မရှိတော့အောင် စိတ်ထဲခံစားရတယ်။
