
မိုးညှင်းမြို့တွင် လူငယ်များအား အဓမ္မစုဆောင်းမှုများရှိနေကြောင်း ဒေသခံများပြောဆို’
ကချင်ပြည်နယ်။ ၂၆ ၊ ဇွန်လ ၊ ၂၀၂၆
ကချင်ပြည်နယ် ၊ မိုးညှင်းမြို့တွင် ဇွန်လ ဒုတိယပတ်မှစ၍ ရှမ်းနီလက်နက်ကိုင်အဖွဲ့ ( SNA ) က လူငယ်များအား အဓမ္မစုဆောင်းမှုများ ပြုလုပ်နေကြောင်း ဒေသခံများနှင့် မျက်မြင်သက်သေများက ပြောဆိုကြသည်။
ဇွန်လ ၁၉ ရက်နေ့တွင် မိုးညှင်း GTC အရှေ့ဘက်၌ လူငယ် ၉ ဦးအား ခေါ်ဆောင်သွားခဲ့ပြီး အသက် ၃၀ ကျော်အရွယ် အမျိုးသားများကိုလည်း ရိုက်နှက်မှုများဖြင့် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မျက်မြင်သက်သေများက ဆိုသည်။
ထို့အပြင် ဇွန်လ ၂၀ ရက်နေ့တွင် ကိုယ်ဝန်ဆောင်လင်မယား နှစ်ဦး အောင်ချမ်းသာရပ်ကွက်လမ်းပေါ်၌ အတူလမ်းလျှောက်နေစဉ် အမျိုးသားကို အမည်မသိ အဖွဲ့တစ်ခုက ခေါ်ဆောင်သွားခဲ့ပြီး မိသားစုက ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သော်လည်း လွှတ်ပေးခြင်းမရှိခဲ့ကြောင်း နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။
ဇွန်လ ၂၄ ရက်နေ့ နေ့လယ်ပိုင်းတွင်လည်း စျေးအနီး၌ လူငယ်တစ်ဦးအား AD Van ကားအမျိုးအစားဖြင့် လာရောက်ခေါ်ဆောင်သွားခဲ့ပြီး ယနေ့အထိ မိသားစုနှင့် အဆက်အသွယ်ပြတ်တောက်နေကြောင်း ဒေသခံများက ပြောဆိုသည်။
ဒေသတွင်း သတင်းအရ SNA အဖွဲ့သည် ဦးတင့်ဆန်း ဦးဆောင်မှုအောက်ရှိ ပင်းဟဲ အခြေစိုက် အဖွဲ့ဖြစ်ပြီး ဇွန်လ ၁၈ ရက်နေ့ခန့်မှစ၍ မိုးညှင်းမြို့အတွင်း အဖွဲ့ခွဲ၍ ဝင်ရောက်လှုပ်ရှားနေကြောင်းလည်း ဆိုသည်။ ဒေသခံအချို့၏ ပြောဆိုချက်အရ မိုးညှင်းတက္ကသိုလ် အနီးရှိ အဆောင်တစ်ခုကိုလည်း ယာယီစခန်းအဖြစ် အသုံးပြုနေသည်ဟု သိရသည်။
“တက္ကသိုလ်က စစ်အခြေစိုက်စခန်းနဲ့ လူငယ်စုဆောင်းရေးစခန်း ဖြစ်နေပါတယ်” လို့ ယင်းသတင်းအားပေးပို့သည့် SNA နှင့် ဆက်စပ်သူမှ ပြောပါတယ်။
ညပိုင်းအချိန်များတွင် SNA ၊ ပျူစောထီး ၊ စသုံးလုံး လက်နက်ကိုင်အဖွဲ့ဝင်များ မြို့တွင်းလှည့်လည်၍ လူငယ်စုဆောင်းမှုများ ပြုလုပ်နေပြီး အင်အား ၂၀ ခန့် ဝန်းကျင်ဖြင့် လှုပ်ရှားနေသည်ဟု မြို့ခံများက ဆိုသည်။
နောက်ဆုံးရသတင်းများအရ SNA မှ အဓမ္မစုဆောင်းခံရသူများသည် နူးချိုစစ်တပ် ၊ ဆားမှော်စစ်တပ် ၊ နန့်မွန်းရှမ်းနီတပ်များတွင် စစ်သင်တန်း ( ၂၁ ) ရက်တက်ပြီးပါက လစာပေးခြင်းမျိုးမရှိသည့်အပြင် ရှမ်းနီအလံနှင့် ဓါးနှစ်လက် ဘတ်တံဆိပ်ပါသော ယူနီဖောင်းနှစ်စုံသာ ပေးကာ ရာသက်ပန် စစ်မှုထမ်းရကြောင်း ထပ်မံသိရှိရပါတယ်။
သို့သော် အဆိုပါအချက်အလက်များနှင့် ပတ်သက်၍ သက်ဆိုင်ရာအဖွဲ့အစည်းများ၏ တရားဝင်အတည်ပြုချက်ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။
#Photo/online source
