
မြန်မာနိုင်ငံစစ်တပ်က ရိုဟင်ဂျာလူနည်းစုအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ခြင်း ရှိမရှိ ကို နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ရှိ ICJ ( နိုင်ငံတကာတရားရုံး ) မှာ ၂၀၂၆ ၊ ဇန်နဝါရီလ ( ၁၂ ) ရက်နေ့မှ စတင်ကာ ( ၃ ) ပတ်ကြာ အဆုံးအဖြတ်ဆိုင်ရာ ကြားနာစစ်ဆေးမှု ပြုလုပ်နေပါတယ်။
ဒီအမှုကို ဂမ်ဘီယာနိုင်ငံ က ၂၀၁၉ ခုနှစ်မှာ တိုင်ကြားခဲ့ပြီး ၂၀၁၇ ခုနှစ်အတွင်း မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာအပေါ် နှိမ်နင်းမှုတွေဟာ Genocide Convention ကို ချိုးဖောက်ခဲ့တယ် လို့ စွပ်စွဲထားပါတယ်။
ကြားနာမှုအတွင်းတွင် ဇန်နဝါရီလ ( ၁၂ ရက်နေ့မှ ၁၅ ) ရက်တွင် ဂမ်ဘီယာဘက်က သက်သေအထောက်အထားတွေ တင်ပြဖို့ရှိပြီး၊ ဇန်နဝါရီလ ( ၁၆ ရက်နေ့မှ ၂၀ ) ရက်နေ့တွင် မြန်မာစစ်တပ်ဘက်က လူမျိုးတုံးသတ်ဖြတ်မှု မရှိကြောင်း ပြန်လည်ချေပမယ်၊ သက်သေစစ်ဆေးမှုအချို့ကို တံခါးပိတ် ပြုလုပ်မယ်လို့ လည်း သိရှိရပါတယ်။
၂၀၁၉ ခုနှစ်တုန်းက ဒေါ်အောင်ဆန်းစုကြည်က ICJ ကို ကိုယ်တိုင်သွားရောက်ပြီး မြန်မာစစ်တပ်ဘက်မှ ခုခံချေပခဲ့သော်လည်း ၂၀၂၁ မြန်မာနိုင်ငံတွင်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရတာကြောင့် ယခု ကြားနာပွဲကို မတက်ရောက်နိုင်ပါဘူး။
ICJ က ၂၀၂၀ ခုနှစ်မှာ မြန်မာနိုင်ငံအနေနဲ့ လူမျိုးတုံးသတ်ဖြတ်မှုကို တားဆီးဖို့ ကြားဖြတ်အမိန့် ထုတ်ခဲ့ပြီး၊ ၂၀၂၂ ခုနှစ်မှာ အမေရိကန်ကလည်း မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေကို လူမျိုးတုံးသတ်ဖြတ်မှု အဖြစ် တရားဝင် သတ်မှတ်ခဲ့ပါတယ်။
အမှုရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ထွက်လာဖို့ နှစ်လများစွာ ကြာမြင့် နိုင် သော်လည်း ဂမ်ဘီယာဘက်က အနိုင်ရရှိခဲ့မည်ဆိုပါက မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ ဖိအားပေးမှုများ ယခင်ကထက် ပိုမိုကြီးမားလာနိုင် ပါတယ်။
ထို့အပြင် ICC နဲ့ အာဂျင်တီးနားနိုင်ငံ တို့မှာလည်း မင်းအောင်လှိုင်ကို လူသားမျိုးနွယ်အပေါ် ကျူးလွန်မှုနဲ့ ဆက်လက် စုံစမ်းနေကြောင်းသိရှိရပါတယ်။
