ဖုန်းလိုင်း၊ အင်တာနက်လိုင်းမရ‌တာ (၈)လအကြာတွင် ကချင်ပြည်နယ်အတွင်း သတင်းစီးဆင်းမှုနဲ့ပတ်သတ်ပြီး ပြည်သူများအသံ
ကချင်ပြည်နယ်။ ၁၃၊ မတ်လ၊၂၀၂၅
ကချင်ပြည်နယ်တွင် ပြီးခဲ့တဲ့နှစ် ၂၀၂၄ ဇူလိုင် (၂၁) ရက်နေ့က ဖုန်းလိုင်း၊ အင်တာနက်လိုင်း ပြတ်တောက်သွားချိန်မှစပြီး ယနေ့အထိ ဒေသတွင်း သတင်းအမှောင် ဖုံးလွှွှးသွားတာ (၈)လကျော် ရှိ‌ပါပြီ။
အဆိုပါ ဖုန်းလိုင်း အင်တာနက်လိုင်း ပြတ်တောက်မှုကြောင့် ကချင်ပြည်နယ်၏ မြို့ကျေးရွာများတွင် အရင်ကထက် ခိုးဆိုးလုယက်မှု၊ လူသတ်မှု၊ လူပျောက်မှု၊ အိမ်တွင်းအကြမ်းဖက်မှု၊ တရားမဝင် လောင်းကစားအပြင် ရွှေတူးဖော်မှု နဲ့ အခြားသော လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှု ဖြစ်ရပ်များ ပိုများပြားလာတာတွေ့ရကြောင်း မိုးညှင်းမြို့ဒေသခံများထံမှ သိရပါတယ်။
” ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေပြက်‌တောက်သွားတော့ ကျွန်တော်တို့ကချင်ပြည်နယ်မှာ မကောင်းတဲ့လူမှုပဋိပက္ခပြဿနာ အရင်ကထက်ပိုများလာတယ်။ ခိုးတာ လုတာ၊ လူသတ်တာ ၊အကြမ်းဖက်တာ၊ လူကုန်ကူးတာ၊ လောင်ကစားလုပ်တာ၊ တရားမဝင် ရွှေတူးတာ တွေက ပိုများလာတယ်လို့ မြင်တယ်” ဆိုပြီး မိုးညှင်းမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
လက်ရှိကချင်ပြည်နယ် နေရာတစ်ချို့မှာ စတားလင့်‌‌ခေါ် အင်တာနက် ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာသော်လည်း ပြည်သူများက အရင်အချိန်လို သတင်းများကို လျင်မြန်စွာသိရှိနိုင်ခွင့် မရ‌ရှိသေးကြောင်း မြစ်ကြီးနားမြို့ဒေသခံများကပြောပါတယ်။
” အရင်ကတော့ ဖုန်းလိုင်း၊အင်တာနက်လိုင်းရှိတော့ သတင်းမီဒီယာမှာ မပါသေးတာကိုတောင် ကြိုသိရတယ်။ အခုတော့ – ဥပမာပေါ့ ဟိုတစ်ခါငါတို့ရပ်ကွက်မှာ လူသတ်မှုဖြစ်သွားတာတောင် သူများ အင်တာနက်သုံးတဲ့သူ‌တွေ‌ ပြန်ပြောပြမှသိရတယ်။ သတင်းသိရှိတာ နောက်ကျလာတယ်လို့ ပြောရမှာပေါ့” လို့ စီတာပူရပ်ကွက်နေ အမျိုးသမီးတစ်ဦးကပြောပါတယ်။
ထို့အတူ တစ်ချို့ဒေသတွင်း ဖြစ်ပျက်နေတဲ့ ပြဿနာ အကြောင်းအရာများကို သတင်းမီဒီယာများက ရေးသား‌ဖော်ပြတာမရှိနိုင်ခြင်း၊ ချန်လျက်ထားခြင်းတွေ ရှိနေကြောင်းလည်း ဝိုင်းမော်မြို့ ဒေသခံများထံမှ သိရပါတယ်။
“တစ်ချို့ ဒီမှာဖြစ်ပျက်နေတဲ့ အကြောင်းတွေ သတင်းမီဒီယာမှာ ရေးသား‌ဖော်ပြထားတာတွေ မတွေ့ရ‌တော့ဘူး။ မီဒီယာတစ်ချို့လည်း သတင်းအပြည့်အစုံ မရေးသားနိုင် တော့ဘူး ဟိုချန်ဒီချန်နဲ့ရေးသားနေကြပြီ” လို့ ဝိုင်းမော်မြို့ ဒေသခံ အမျိုးသမီးတစ်ဦး‌ပြောပါတယ်။
အဆိုပါ ဖုန်းလိုင်း၊အင်တာနက်လိုင်းပြဿနာကြောင့် သတင်းရယူမှု၊ သတင်းလိုက်နိုင်မှု အခက်အခဲဖြစ်ကြောင်း ဒေသတွင်းသတင်းမီဒီယာ သတင်းထောက်များက ပြောပါတယ်။
“အဓိကတော့ လိုင်းမရတော့အချိန်ကနေ ကျွန်မတို့ သတင်းထောက်တွေကလည်း သတင်းပို့တဲ့သူတွေက သတင်းရတာ နည်းသွားသလို၊ သတင်းလိုက်နိုင်မှုလည်း ကျဆင်းသွားတယ်။” ဆိုပြီး မြစ်ကြီးနားမြို့ရှိ မြို့ပြသတင်းထောက်တစ်ဦးကပြောပါတယ်။
ကချင်ပြည်နယ်တွင် စစ်အာဏသိမ်းမှုအပြင် ဖုန်းလိုင်း၊အင်တာနက်လိုင်း ပြတ်တောက်မှု ကြောင့် သတင်းသမားများအပြင်၊ ဒေသခံများက လွတ်လပ်စွာ သတင်းပေး၊ ရယူမှု ရှိရန် စိန်ခေါ်မှုတစ်ရပ်ဖြစ်နေပါတယ်။

Leave a Reply