လူ့အခွင့်အရေးချိုးဖောက်မှု – မတရားဖမ်းဆီးထောင်ချခံရ

 

ဦး****သည် ***ရပ်ကွက်၊ မြစ်ကြီးနားမြို့တွင်နေထိုင်၍ အသက်(၃၆)နှစ်ရှိပြီဖြစ်သည်။ ဦး****သည် အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန်ဒပြပွဲ ပါဝင်၊ ဦးဆောင်ခဲ့​ပြီး ​၁၁.၅.၂၀၂၁ ရက်နေ့ ဖမ်းဆီးခံရကာ ထောင်ထဲတွင် (၅)လခန့် နေထိုင်ခဲ့ရသည်။ ထောင်ထဲတွင်နေထိုင်စဥ် စစ်ကြောရေးတွင် ရက်ရက်စက်စက်ညှဉ်းပန်းနှိပ်စက် ရိုက်နက်ခံခဲ့ရသည်။
ဖြစ်စဥ်(ကိုယ်တိုင်ပြောပြချက်)
ညနေ ၃း၀၀ နာရီလောက်သူငယ်ချင်းတွေနဲ့ထိုင်နေတုန်း SP, CID, အမှတ်(၁) ရဲစခန်း၊ ပလနနယ်မြေရဲ၊ စအဖ အယောက်(၂၀)ကျော်လောက်ကလာခဲ့ကြတယ်။
ကျွန်တော်တို့ရဲ့ ဖုန်းတွေအားလုံးလည်း တစ်ခါတည်းသိမ်းပေးလိုက်တယ်။
ကျွန်တော်လည်း တစ်ခါတည်းထပြီး “ခင်ဗျားတို့ ဖမ်းတာ၊ ဖမ်းဝရမ်းပါလား” လို့မေးတော့ “ပါတယ်”တဲ့။ ကျွန်တော်ကလည်း “ပါရင်ခဏလောက်ပြပေးပါလား” လို့ ပြောတော့ “မပြဘူးကွာ၊ ပါတယ် လိုက်ခဲ့လိုက်” တဲ့။ ကျွန်တော်လည်း ဒီထက်စကားရှည်နေရင် ခဏနေCDM ဆရာ/ဆရာမတွေပါ ပါကုန်မှာဘဲလို့ စိုးရိမ်လို့ “ဟုတ်ပြီ” ဆိုပြီး သူငယ်ချင်းမ****နှင့်အတူ ကျွန်တော့်ကို လက်ထိပ်ခတ်ပြီးအမှတ်(၁)ရဲစခန်းကို ဖမ်းခေါ်သွားတယ်။
ဘယ်လိုဘဲနေနေ ကျွန်တော်တို့ကတော့ စစ်ကြောရေးကို ရောက်မှာဘဲလို့၊ ပြီးတော့ ကျွန်တော်က ဒုတိယအကြိမ်လည်းဖြစ်၊ ယောကျာ်းလေးလည်းဖြစ်၊ ကျောထောက်နောက်ခံလဲမရှိလို့ “ငါသေရင်သေ၊ မသေရင်တစ်သက်လုံးကျိုးကန်းတော့မှာဘဲ”လို့ တွေးမိလိုက်တယ်။ အမှတ်(၁)ရဲစခန်းကို ခေါ်သွားလိုက်တယ်။ အမှတ်(၁)ရဲစခန်းရောက်တော့ အချုပ်ထဲထည့်လိုက်၊ ပြန်ခေါ်ထုတ်လိုက်နဲ့ စ(၃)ရယ်၊ CID ရယ် စစ်တပ်ကတော့ မပါဘူး၊ တစ်ဖွဲ့ပြီးတစ်ဖွဲ့ တစ်ညလုံးမေးမြန်းစစ်ဆေးတယ်။ မနက် (၃)နာရီ၊ (၄)နာရီလောက်မှာမှ ပြီးတယ်ထင်တယ်။ အရပ်ဝတ်စုံတွေဘဲဝတ်ထားပြီး ရိုက်နှက်တာတွေတော့ မရှိဘူး၊ ကောင်းကောင်းမေးကြတယ်။ မေးတာကတော့ ဘယ်မှာမွေးတာတို့၊ ဘယ်မှာကျောင်းတက်ခဲ့တာတို့ ငယ်ကတည်းကနေ အခုထိကို ထပ်ခါမေးတယ်။
မနက်ပိုင်းတော့ ကျွန်တော်တို့(၂)ယောက်ကို လက်ထိပ်အရှည်ကြီးနဲ့ တူတူခတ်သွားပြီး ခရိုင်ရုံးမှာ ဓာတ်ပုံတွေရိုက်၊ မေးခွန်းတွေမေးလုပ်ကြတယ်။ နောက်တော့ ပြန်ပို့လိုက်ကြတယ်။ (၁၁)ရက်နေ့ညနေ တရားရုံးကို တစ်ခေါက်သွားကြသေးတယ်။ အဲဒီညနေမှာပဲ ၅၀၅ (က)အမှုတပ်လိုက်ပြီ။
၁၂.၅.၂၀၂၁ ရက်နေ့မနက်တော့ အမှတ်(၁)ရဲစခန်းကိုပြန်ခေါ်လာတယ်။ ပြီးတော့ အဲ့မှာ UN က ဒေါက်တာ****နဲ့ တွေ့ပြီး (၁၀)မိနစ်လောက်စကားပြောနေတုန်း “****” ဆိုပြီး လာခေါ်တယ်။
ကျွန်တော်လည်း တစ်ခါတည်း ဒါသေချာပေါက်စစ်ကြောရေးဆီကိုခေါ်သွားတော့မှာဘဲလို့ တွေးလိုက်မိတာ၊ တစ်ကယ်လဲ ဟုတ်နေတယ်။ အစဖမ်းတုန်းက လက်ထိပ်ကိုရှေ့ဘက်ကခတ်တယ်၊ အဲ့ချိန်မှာတော့ လက်ကိုနောက်ပြန်ကြိုးတုတ်ပြီး မျက်လုံးကိုအဝတ်စနဲ့ပိတ်ပြီး မျက်နှာကို ခေါင်းစွပ်အမဲစွတ်ထားပေး၊ ခေါင်းငုံ့ပြီးသွားတယ်။ ကားစီးလည်းခေါင်းငုံ့ပြီးဘဲစီးခိုင်းတယ်။
စစ်ကြောရေးကိုရောက်တာနဲ့ အမှောင်ထဲမှာတိုက်ပိတ်ထားတယ်။ ညနေကနေ စပြီး (၁၀)ရက်လောက်က ပြောင်းပြန်ချည်ထားပြီး ရိုက်ကြတယ်။ စစ်ဆေးတာကလည်း တစ်ဖွဲ့နဲ့တစ်ဖွဲ့မတူဘူး။ ည(၈)နာရီကနေ မနက်(၄)နာရီလောက်အထိ တစ်ခေါက်နဲ့ မနက် ၈း၀၀နာရီကနေ ညနေ၅း၀၀နာရီလောက်ထိ တစ်ခေါက်ခုနှစ်ရက်တိုင်တိုင် အဲ့လိုစစ်ဆေးကြတယ်။ သူတို့လာတဲ့ခြေသံကို ကြားတာနဲ့ ရင်ကတဒိတ်ဒိတ်နဲ့ကြောက်နေပြီ။ ရောက်တာနဲ့ တစ်ခါတည်းလာပြီး ရင်ဘတ်တွေ၊ နံရိုးတွေ၊ မျက်နှာတွေ၊ ခေါင်းတွေမှာ ထိုးလိုက် ကန်လိုက်နဲ့ နည်းမျိုးစုံသုံးပြီး စစ်လိုက်မေးလိုက်လုပ်တယ်။ ညပိုင်းလည်းအဲလိုပဲ ထိုးလိုက်စစ်မေးလိုက်လုပ်တယ်။ သူတို့ထိုးတာက တနေကုန်ဆိုရင် (၁)ရက်ကို အချက် (၁၀၀)လောက်တော့ရှိမယ်။
စစ်ကြောရေးကနေပြန်လာပြီး ထောင်ကိုရောက်တော့ တောင်ဥသြချည်းဘဲသောက်လိုက်ရတယ်။ (၄)လလောက် ရေမသောက်ဘဲ တောင်ဥသြသောက်ပြီးဘဲပြန်ကုယူရတယ်။
ရေမသောက်ရတော့ အာခေါင်တွေခြောက်ပြီး သူတို့မေးတဲ့အချိန် အသံမထွက်ရင် ပြန်ရိုက်တယ်။ ၁၃.၅.၂၀၂၁ ရက်ညမှာမှ အဲ့ကစစ်ဆေးတဲ့ဗိုလ်မှူးက ကျွန်တော့်နှုတ်ခမ်းခြောက်တာကိုကြည့်ပြီး “ရေမသောက်ရဘူးလား”တဲ့၊ ကျွန်တော်က “မသောက်ရဘူး” လို့ သူက “တစ်စက်မှမသောက်ရသေးဘူးလား”၊ ကျွန်တော်လည်း “တစ်စက်မှကို မသောက်ရသေးဘူး” လို့ အဲ့တော့ သူက “သောက်ချင်လား” တဲ့မေးတယ်။ ကျွန်တော်ကလည်း “သောက်ချင်တယ်” လို့ပြောတော့ ရေသန့်ဘူးဖုံး (၃)ဖုံးတိုက်တယ်။ အဲ့(၃)ဖုံးတိုက်တာတောင် (၂)ဖုံးကိုက ပါးစပ်မှာထည့်ပေးပေမယ့် (၃)ဖုံးမြောက်ကိုတော့ မျက်နှာမှာလောင်းပေးလိုက်ပြီး “အဲ့ဒါကို လျှာနဲ့ဘဲလျက်လိုက်” လို့ပြောတယ်။
သုံးရက်မြောက်နေ့လောက်မှ တစ်ရက်ကို ရေသန့်ဗူးတစ်ဗူး တိုက်တယ်။ အဲ့ကနေစပြီး ဘယ်မှာမွေးပြီး ဘယ်လိုနေခဲ့တယ် ဆက်တိုက်ဘဲမေးမြန်းခဲ့တယ်။ ကျွန်တော်တို့လုပ်ခဲ့တဲ့ Strike တိုင်းကို လိုက်မေး၊ ဖုန်း Contact မှာပါတဲ့လူတိုင်းကို ဘယ်လိုခင်ခဲ့ပြီး ဘယ်သူဖြစ်ကြောင်းအကုန်မေးတယ်။ ကျွန်တော်ကလည်း တစ်ခေါက်ဖြေထားပြီးတဲ့အဖြေတိုင်းကို မှတ်ထားရတယ်။ သူတို့ကလည်း ထပ်ခါထပ်ခါ ဒါတွေဘဲမေးကြတယ်။ အရက်မူးပြီး သေနတ်တွေခေါင်းမှာလာတဲ့သူတွေ၊ သေနတ်တွေနဲ့ လာရိုက်တဲ့သူတွေလည်းရှိတယ်။ ကျွန်တော့်ခေါင်းတွေ၊ မျက်နှာတွေဆိုရင်ထုံသွားလို့ နောက်ပိုင်းဆို နာသလိုတောင်မခံစားရတော့ဘူး။ (၄)လောက်ကနေစပြီး ကျွန်တော့်နားတစ်ဖက်မကြားရတော့ဘူး။ (၃)ရက်လား၊ (၄)ရက်လား မသိဘူး အဲ့နေ့မှာတော့ ထမင်းလာကျွေးကြတယ်။ ပန်းကန်သေးသေးလေးမှာ ငါးခြောက်(၂)တုံးနဲ့ ထမင်းထည့်ပြီးလာကျွေးကြတယ်။
အိမ်သာနဲ့သန့်ရှင်းရေးလုပ်တာတွေကိုတော့ (၅)ရက်နေ့ကျမှ အပြင်ထွက်ပြီးလုပ်ခိုင်းတယ်။ အဲ့အချိန်ကျမှ သူတို့ခေါင်းအုပ်နဲ့ မျက်စိစည်းထားပေးတဲ့ဟာတွေကို ချွတ်ပေးကြတယ်။ ချိတ်ထားပြီး ကန်တာတွေ၊ ထိုးတာတွေလုပ်၊ ပြီးတာနဲ့ ပြန်ထိုင်ခိုင်း၊ ပြန်ထိုးကြတယ်။ အဓိကတော့ မျက်နှာကိုထိုးတယ်၊ ဗိုက်ကိုထိုးတဲ့အချိန်ဆို အောင့်သွားလို့အသက်ရှူတောင်မဝဘူးဖြစ်သွားတယ်။ (၇)ရက်မြောက်နေ့ပိုဆိုးသွားတာက နှာခေါင်းသွေးတွေထွက်ပြီးမေ့လှဲသွားတယ်။ ကျွန်တော်က လှဲသွားတာခဏပဲထင်တာ တော်တော်ကြာသွားပုံရတယ်။ ကျွန်တော်ပြန်သတိရလာတော့ ဘေးမှာရေပုံးတွေနဲ့၊ ကျွန်တော့ကို လောင်းထားတဲ့ရေပုံးထင်တယ်။ အဲ့ကနေ သူတို့လည်း နည်းနည်းလန့်သွားလို့နေမှာ တစ်ခါတည်း သွေးတွေဆေးပေးပြီး မှတ်တမ်းဓာတ်ပုံတွေရိုက်၊ လက်မှတ်ထိုးတာတွေ လုပ်ခိုင်းတယ်။ အဲ့အချိန်မှာ ကျွန်တော့မျက်နှာတွေလုံးဝရောင်ကိုင်းနေပြီ၊ နားတွေလည်းအူထူသွားပြီး တစ်ဖက်လည်းမကြားရဘူးဖြစ်သွားတယ်။
ခန္ဓာကိုယ်တစ်ခုလုံးလည်း ကိုက်ခဲပြီးအရမ်းနာကျင်နေတယ်။ အဲ့တော့ လက်မှတ်မထိုးနိုင်လို့ လက်ဗွေဘဲနှပ်ခိုင်းကြတယ်။ (၇)ရက်ပြည့်တဲ့ညတော့ လက်မှာချည်ထားတဲ့ ကြိုးကိုဖြုတ်ပေးကြတယ်။ ကြိုးတွေက အသားထဲဝင်သွားပြီး အနာရင်းကိုပြည်တည်သွားတဲ့အထိဖြစ်သွားတယ်။ သူတို့က (၃)ရက်လောက်ဆေးပြန်ကုပေးတယ်။ တကယ်တော့ ရဲစခန်းကို (၇)ရက်ပြည့်တာနဲ့ ပြန်ပို့ဖို့ပြောထားတာ သူတို့က အရမ်းရိုက်ထားတော့ (၃)ရက်လောက် ပြန်ခေါ်ထားပြီး ဆေးပြန်ကုပေးကြတယ်။ (၁၀)ရက်ပြည့်တာနဲ့ စစ်ကြောရေးကနေအမှတ်(၁)ရဲစခန်းကိုပြန်ပို့လိုက်တယ်။ အမှတ်(၁)ရဲစခန်းမှာ (၂)ရက်လောက်နေပြီး တရားရုံးကိုရုံးချိန်းပြန်ခေါ်သွားကြတယ်။ တကယ်တော့ ကျွန်တော်တို့ကိုဆွဲဖို့အမှုတွေ ထက်တိုးဖို့ရှိတယ်တဲ့။ အမှုတွေက ကား without မှု ၊ ၁၇/၁ တို့ဟုတ်တယ်တဲ့။
ရုံးချိန်းပြီးတာနဲ့ တစ်ခါတည်း ထောင်ကိုပြန်ခေါ်သွားကြတယ်။ ဒါပေမယ့် ထောင်ကဆရာဝန်တွေက လက်မခံဘူးဆိုပြီး အချုပ်မှာဘဲပြန်ထည့်ထားတယ်။ အချုပ်မှာ (၃-၄)ရက်လောက်ဆေးကုပြီးမှထောင်ကိုပြန်ပို့ကြတယ်။ ထောင်ရောက်တာနဲ့ Covid-19 Positive ဖြစ်လို့ ဆန်ဂိုဒေါင်ထဲမှာ (၁၆) ရက်နေလိုက်ရတယ်။ အဲ့မှာက ပိုညစ်ပတ်ပြီးနေရထိုင်ရတာလုံးဝအဆင်မပြေဘူး။ အဲ့ကနေမှဘဲ ထောင်ထဲကိုရောက်သွားတယ်။ ထောင်ထဲမှာတော့ နေရထိုင်ရတာနည်းနည်းအဆင်ပြေတယ်။ ဒါပေမယ့် ကျွန်တော်ကအစာအိမ်ရောဂါအခံရှိလို့ တစ်ခေါက်ရှော့ဖြစ်ပြီး လှဲသွားသေးတယ်။ ထောင်ဆရာဝန်ထွန်းထွန်းနိုင်ကနေပြီး ကျွန်တော့်ကို အာမခံပေးလို့ ပြည်သူ့ဆေးရုံမှာ(၅)ရက် ဆေးကုသလိုက်ရတယ်။ ထောင်ထဲမှာတော့ တစ်ခြားတော်လှန်ရေးခေါင်းဆောင်တို့၊ ကျောင်းသားခေါင်းဆောင်တို့နဲ့လည်း တွေ့ဆုံခဲ့ရတယ်။
အဲ့လိုနဲ့ *.၁၀.၂၀၂၁ ရက်နေ့မှာပြန်လွတ်ခဲ့တယ်။ ခုချိန်မှာလွတ်မြောက်နေပြီဆိုပေမဲ့ ထောင်မှာကျန်နေခဲ့တဲ့သူငယ်ချင်းတွေကို သတိရလိုက်ပြီဆိုရင် အိပ်လို့လည်းမပျော်ဘူး၊ ကောင်းကောင်းမအိပ်ပြန်ရင်လည်း ခေါင်းတွေအရမ်းထိုးကိုက်တယ်။ စဥ်းစားတာတို့၊ တွေးတာတို့လုပ်ရင်လည်း ခေါင်းအရမ်းထိုးကိုက်လာတယ်။ လမ်းလျှောက်ရင်လည်း ခြေထောက်တွေအရမ်းကိုက်လို့ အေးသုခဆေးခန်းမှာ X-Ray သွားရိုက်ကြည့်တော့ အရိုးနုရောင်တယ် လို့ဆရာ၀န်ကပြောတယ်။ စိတ်အတွင်းပိုင်းနဲ့ကျတော့ ကျွန်တော်က စစ်ကြောရေးရောက်ကတည်းက ကိုယ့်ကိုယ်ကိုအတတ်နိုင်ဆုံး ဖြေသိမ့်တာတို့၊ တရားထိုင်တာတို့လုပ်ဖြစ်တယ်။ စိတ်ဒဏ်ရာကိုကြိုတင်ကာကွယ်မှုတွေ လုပ်ခဲ့တယ်။ ဒါပေမယ့် အခြေအနေတွေကအရမ်းဆိုးခဲ့တော့ အနည်းအကျဥ်းလေးတော့ စိတ်ဒဏ်ရာက ရှိနေတုန်းပါဘဲ။

Leave a Reply