လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြား ခရီးသွားပြည်သူများ ရင်ဆိုင်နေရသည့် နေ့စဉ်စိန်ခေါ်မှုများဆိုင်ရာ သတင်းဆောင်းပါး”
ကချင်ပြည်နယ်။ ၁၄ ၊ မေလ ၊ ၂၀၂၆
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း ဒေသတွင်း နိုင်ငံရေး ပဋိပက္ခများ ဆက်လက်ပြင်း ထန်လာမှုနှင့်အတူ မန္တလေး- မြစ်ကြီးနား ကားလမ်းပိုင်းတွင်လည်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲများနှင့် ပိတ်ဆို့မှုများ ပိုမိုဖြစ်ပေါ်လာခဲ့သည်။ ယင်းအခြေအနေများကြောင့် ခရီးသွားပြည်သူများမှာ ရွံ့နွံ၊ ဖုန်ထူသော တောလမ်းများ ၊ လူသူရှားပါးသည့် ကျေးရွာများနှင့် ရှောင်/ကွင်းလမ်းများကို နာရီပေါင်းများစွာ အချိန်ယူကာ ဖြတ်သန်းသွားလာနေရ ကြောင်း သိရသည်။ လမ်းပိတ်ဆို့မှုများနှင့် ဆက်လက်တောက်လောင်နေသည့် စစ်ရေးပဋိပက္ခများကြောင့် အရပ်သားပြည်သူများ၏ လွတ်လပ်စွာသွားလာခွင့် နှင့် နေ့စဉ်လူနေမှုဘဝများ ပိုမိုခက်ခဲလာနေသည်ဟု ပုံမှန်ခရီးသွားလာသူ စီးပွားရေးသမားများက ပြောပါတယ်။
မြစ်ကြီးနားဘက်မှ ဆင်းသက်လာသည့် ခရီးသည်များသည် မိုးကောင်း၊ မိုးညှင်းနှင့် ကသာမြို့များကို ဖြတ်သန်းသွားလာရပြီး မေလ ပထမပတ်အတွင်း ထီးချိုင့်တံတား ပြန်လည် ဖွင့်လှစ်ပြီဟု သတင်းများ ထွက်ပေါ်နေသော်လည်း ခရီးသည်တင်ယာဉ်များအတွက် လမ်းအသုံးပြုနိုင်မှုမှာ အပြည့်အဝ မရရှိသေးကြောင်း သိရသည်။ ထို့ကြောင့် အချို့ခရီးသည်တင်ကားများမှာ အင်းရွာဘက်မှ ဇက်ယာဉ်များဖြင့် ဖြတ်သန်းကာ ခရီးဆက်သွားနေရသေးကြောင်း သိရပါတယ်။
အင်းတော်လမ်းကြောင်းကို အသုံးပြုသည့် ခရီးသည်များမှာလည်း အင်းတော် ၊ ကျောက်တန်း၊ ဆားတောင်၊ စံပယ်နံသာနှင့် မော်လူး အပါအဝင် နေရာအများအပြားကို ကွင်းသွားနေရပြီး တစ်နေရာဖြတ်တိုင်း အချိန်(၁)နာရီ ကျော်ခန့် ကြာမြင့်ကြောင်း သိရပြီး ယင်းလမ်းများမှာ ဖုန်ထူပြီး ပျက်စီးနေသည့် တောလမ်းများ ဖြစ်သည့်အပြင် လမ်းညွှန်ဆိုင်းဘုတ်များလည်း မရှိသလောက် နည်းပါးကြောင်းသိရပါတယ်။
“တချို့နေရာတွေဆို ကားတောင် မမြင်ဖူးတဲ့ ရွာတွေရှိတယ်။ တောလမ်းတွေဖြစ်တော့ လမ်းမေးရင်တောင် သိပ်မသိကြဘူး။ လုံခြုံရေးပိုင်းမှာလည်း စိုးရိမ်ရတယ်” ဟု ယင်းလမ်းကြောင်းကို ကိုယ်တိုင်ဖြတ်သန်းခဲ့သူ တစ်ဦးက ပြောသည်။
၎င်း၏ ပြောကြားချက်အရ လမ်းပိုင်းတစ်လျှောက်တွင် စစ်ဆေးရေးဂိတ်များနှင့် ဒေသအလိုက် ဖြတ်သန်းခ ကောက်ခံသည့် နေရာများလည်း ရှိနေပြီး ခရီးသွားပြည်သူများအတွက် အချိန်နှင့် ကုန်ကျစရိတ်များ ပိုမိုမြင့်တက်လာနေကြောင်း သိရသည်။ ဒေသခံအချို့မှာ လမ်းကြမ်းပိုင်းများတွင် ကျောက်ခဲကြမ်းများ ခင်းပေးပြီး ယာယီဖြတ်သန်းခများ ကောက်ခံနေကြောင်းလည်း ဆိုသည်။
ဒေသတွင်း သတင်းအချက်အလက်များအရ အချို့လမ်းပိုင်းများကို လက်နက်ကိုင်အဖွဲ့များက ထိန်းချုပ်ထားပြီး အဓိကလမ်းကြောင်းများကို အသုံးမပြုနိုင်သည့်အတွက် ပြည်သူများမှာ သတ်မှတ်ထားသည့် ကွင်းလမ်းများကိုသာ အသုံးပြုနေရကြောင်း သိရသည်။ ယင်းအခြေအနေများကြောင့် ကချင်ပြည်နယ်တွင် ပုံမှန်ကုန်စည်စီးဆင်းမှုနှင့် ခရီးသွားလာမှုများ နှောင့်နှေးလာနေသည်မှာ ကြာမြင်လာပြီ ဖြစ်သလို အခြားတစ်ဖက်တွင် ဖေဖော်ဝါရီလ (၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် မြစ်ကြီးနားလေယာဉ်ကွင်း တိုက်ခိုက်ခံရမှုဖြစ်စဉ်နောက်ပိုင်း ဒေသတွင်း လုံခြုံရေးနှင့် သွားလာရေးအခြေအနေများ ပိုမိုတင်းကျပ်လာခဲ့သည်ကိုလည်း တွေ့ရှိရပါတယ်။
ယင်းကဲ့သို့သော လမ်းပိတ်ဆို့မှုများသည် အရပ်သားပြည်သူများ၏ လွတ်လပ်စွာ သွားလာခွင့်သာမက ကျန်းမာရေး၊ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အခွင့်အရေးများအပေါ်ပါ သက်ရောက်မှုများ ဖြစ်ပေါ်စေလျက်ရှိသည်။ အထူးသဖြင့် ဆေးကုသမှုခံယူရန် လိုအပ်နေသည့် လူနာများ၊ ကုန်စည်သယ်ယူပို့ဆောင်ရေးအပေါ် မှီခိုနေရသည့် ပြည်သူများနှင့် နေ့စဉ်ဝင်ငွေအပေါ် အားထားနေရသည့် မိသားစုများအတွက် ပိုမိုခက်ခဲသည့် အခြေအနေများ ဖြစ်ပေါ်လာနေကြောင်း လူ့အခွင့်အရေး စောင့်ကြည့် လေ့လာနေသူ ပညာရှင်တစ်ဦးက သုံးသပ်သည်။
“ပဋိပက္ခဒေသတွေမှာ လမ်းကြောင်းပိတ်ဆို့မှုတွေဟာ စစ်ရေးရည်ရွယ်ချက်တွေနဲ့ ဆက်စပ်နေနိုင်ပေမဲ့ ယင်းအကျိုးဆက်ကို အများဆုံးခံစားရတာက အရပ်သားပြည်သူတွေပဲ ဖြစ်တယ်။ လမ်းပိတ်ဆို့မှုတွေကြောင့် ဆေးဝါးသယ်ယူမှု၊ ကုန်စည်စီးဆင်းမှုနဲ့ အရေးပေါ်လူနာ ရွှေ့ပြောင်းမှုတွေပါ ထိခိုက်လာနိုင်ပြီး ရေရှည်မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခက်အခဲတွေ ပိုမိုဖြစ်ပေါ်လာနိုင်တယ်” ဟု လူ့အခွင့်အရေးနှင့် ပဋိပက္ခရေးရာ လေ့လာသူတစ်ဦးက သုံးသပ်သည်။
#Feature Article
#Photo/Video Credit: Online Media
