ကချင်ပြည်နယ် ဧပြီလ စတုတ္ထပတ် အတွင်း လူ့အခွင့်ချိုးဖောက်မှု နဲ့ ထူးခြားဖြစ်စဉ်
ကချင်ပြည်နယ်။ ၂၈၊ဧပြီလ၊၂၀၂၆
ဧပြီလ စတုတ္ထအတွင်း ဖားကန့်ဒေသတွင် လက်နက်ပစ်ခတ်မှု နဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား ၂ဦး သေဆုံး၊ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၃၀ဦး နီးပါးဖမ်းဆီးခံခဲ့ရပါတယ်။
ဧပြီ ၂၃ ရက်နေ့တွင် စစ်ကော်မရှင် လက်အောက်ခံ ပြည်သူ့စစ်တပ်ကိုင် လက်နက်အမျိုးအစားဖြစ်တဲ့ ခြောက်ဆယ်ပြောင်းတို လက်နက်ကြီး ဖားကန့် နမ္မဖြစ် RC စစ်ရှောင်စခန်းတွင် ကျရောက်ပေါက်ကွဲမှုကြောင့် သားအမိသုံးယောက်လုံးထိမှန်ခဲ့ပြီး အသက် ၁၃ နှစ်အရွယ် မောင်ဆွတ်ဂျက်အောင် ကလေးငယ် သေဆုံးခဲ့ပြီး မိခင်နဲ့ ညီဖြစ်သူ ဒဏ်ရာပြင်းထန်ရရှိခဲ့ပါတယ်။ ထို့အပြင် မော်မောင်းဘွမ်မှ မလန်ကျေးရွာတွင် ယာယီစစ်ရှောင်နေသူ လတ်ကိုကို ဆိုသူ ဓါတ်ဆီပြတ်ပြီး ဆိုင်ကယ်တွန်းလာချိန်တွင် အမည်မသိအဖွဲ့မှ သေနတ်ဖြင့် ပစ်သတ်ခဲ့ပါတယ်။
နောက် ဧပြီ ၂၂ ရက်တွင် စစ်ကော်မရှင်တပ်မှ ဖားကန့် လုံးခင်းကျေးရွာအုပ်စု၊ အောင်ရာကျေးရွာရှိ ဥရုဆွတ်အိန် တည်းခိုခန်း နဲ့ ပုဂ္ဂလိက ဆေးခန်းတစ်ခုဖြစ်သည့် MAI ဆေးခန်း မှ ဝန်ထမ်းများနဲ့ လူနာတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားရာ နောက်နေ့ ဧပြီ ၂၃ ရက်နေ့တွင် ဝန်ထမ်းများကို ပြန်လွှတ်ပေးခဲ့ပေမဲ့ လူနာကိုတော့ ပြန်လွှတ်ပေးခြင်မရှိသေးကြောင်းသိရပါတယ်။
ထို့အပြင် ပြီးခဲ့တဲ့ ဧပြီ (၂၀)ရက်ည လုံးခင်းကျေးရွာမှ ဒေသခံ ရပ်မိ၊ရပ်ဖ ဖြစ်သူ ဦးဇော်မိုးကို နေအိမ်မှ ဖမ်းဆီးသွားခဲ့ပြီး ယနေ့ထိ ပြန်လွတ်ပေးခြင်းမရှိသေးပါ။
စစ်ကော်မရှင်တပ် နဲ့ မင်းဇင်သန့် ပြည်သူ့စစ်ပူးပေါင်းတပ်တို့က ဖားကန့်ဒေသတွင် လမ်းသွားလမ်းလာများ စစ်ဆေးရေးအကြောင်းပြကာ အဖိုးတန် ရွှေငွေများ အတင်းအဓ္ဓမယူဆောင်သွားတဲ့အပြင် ၊ ပြည်သူ့နေအိမ်များ စစ်ဆေးရန်ဆိုပြီး တံခါးဖွင့်ခိုင်းကာ ကျောက်၊ ဖုန်း နဲ့ သေတ္တာများကို ဖွင့်မွှေနှောက်ပြီး ရွှေ ငွေများ မတရားယူဆောင်သိမ်းပိုက်မှု ဆက်တိုက်ဖြစ်ပွားနေပါတယ်။
လက်ရှိတွင် ပူတာအို၊ မံစီ ဖားကန့်ဒေသတွင် KIA ပူးပေါင်းတပ် နဲ့ စစ်ကော်မရှင် ပူးပေါင်တိုက်တို့ကြား တဖန်တိုက်ပွဲ အရှိန်မြင်လာပြီး KIA ဘက်မှ ဧပြီလ ၂၂ ရက်မှစ၍ ဖားကန့်-နန့်ယား-ကာမိုင်းလမ်းပိုင်းအား အများပြည်သူများ စစ်ပွဲ အန္တရာယ်ကြား မရောက်ရှိစေရန် ဆိုပြီး အကန့်အသတ်မရှိ ပိတ်ပင်ကြောင်း အများပြည်သူသိစေရန် ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
အခြားထူးခြားဖြစ်စဉ်များ အနေဖြင့်
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် နောင်ချိန်းကျေးရွာ ရပ်ကွက်(၄)ရှိ နေအိမ်တစ်အိမ်တွင် ဧပြီ ၂၅ ရက်နေ့ အိမ်ရှင်အိပ်ပျော်နေချိန် ရွှေဆွဲကြိုးနဲ့ပိုက်ဆံတွေ ခိုးယူခံခဲ့ရကြောင်း လူမှုကွန်ယက်စာမျက်နှာတွင်ဖော်ပြထားပါတယ်။
နောက် ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ (မမုံ) ရှမ်းစုကျေးရွာနေထိုင်သူ မမီမီကိုသည် မှော်စီစာကျေးရွာအုပ်စု၊ ဆိုင်းဘွမ်(ခ) ဆောင်းချိန်ကျေးရွာမှ အိမ်ငှားခ သွားယူပြီး ပြန်လာစဉ် ဓါးပြတိုက်ခံရပြီး စီးလာသည့် KENBO အနီရောင် အသစ်တစ်စီး၊ ဖုန်းတစ်လုံး၊ ငွေသား ခုနှစ်သိန်းဆုံးရှုံးခဲ့ရကြောင်းတွေ့ရှိရပါတယ်။
ဧပြီလ စတုတ္ထပတ်အတွင်း ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များကို သုံးသပ်ချက်အရ ဖားကန့်ဒေသတွင် စစ်ရေးအရှိန်ပိုမြင်လာပြီး ၊ အရပ်သား ထိခိုက်သေဆုံးမှု၊ စစ်ကော်မရှင်နဲ့ ပြည်သူစစ်များက အများပြည်သူများရဲ့ အဖိုးတန် ကျောက်၊ ရွှေ၊ ငွေများကို အတင်းအဓမ္မလုယူသိမ်းဆည်းမှုတွေ အများဆုံးဖြစ်ခဲ့ ကြောင်းလေ့လာတွေ့ရှိရပြီး စစ်ကော်မရှင် နဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်များက လူ့အခွင့်ချိုးဖောက်မှု အများဆုံးကျုးလွန်ခဲ့ပါတယ်။
