
စစ်ကော်မရှင်နဲ့ ပြည်သူ့စစ်များ၏ ဒရုန်းဗုံးပစ်ခတ်မှုကြောင့် ဖားကန့် အရပ်သား ၂ ဦးထိခိုက် သေဆုံး
ဖားကန့်မြို့။ ၁၉၊စက်တင်ဘာလ၊၂၀၂၅
ကချင်ပြည်နယ် ဖားကန့်မြို့ မရှီကထောင်အုပ်စု ထုံးဘို ကျေးရွာတွင် ယနေ့ မနက် ၉:၀၀နာရီခန့်က စစ်ကော်မရှင်နဲ့ ရှမ်းနီပြည်သူ့စစ်ပူးပေါင်းတပ်ဘက်မှ ပြည်သူများ နေထိုင်ရာသို့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်လို့ နေအိမ်အများထိခိုက်ပျက်စီးတဲ့အပြင် အရပ်သား (၂)ဦးထိခိုက်သေဆုံးခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရပါတယ်။
အဆိုပါ မရှီကထောင်အုပ်စုကို ယမန်နေ့က KIAနဲ့ KPDFများက ဆုတ်ခွာထားတာဖြစ်ပြီး စစ်ကော်မရှင်နဲ့ ရှမ်းနီပြည်သူ့စစ်များက ဝင်ရောက် နေရာယူထားတာဖြစ် ကြောင်းလည်းသိရပါတယ်။
ထို့အပြင် လက်ရှိမှာ စစ်ကော်မရှင်က နေ့တိုင်းနီးပါး ကားမိုင်းဘက်မှ စစ်ကား ၆စီး အထက်ဖြင့် ဖားကန့်ဘက်ကို အင်အားများဖြည့်တင်နေတာရှိကြောင်း မြေပြင်သတင်းရင်းမြစ်တစ်တစ်ဦးကပြောပါတယ်။
“ဖားကန့်ဘက် အရမ်းထိုးနေတယ်။ မနေ့က စစ်ကားလည်း(၆)စီးတက်လာတယ်။ ဒီမနက်လည်းတက်လာတယ်တဲ့။ အခုတိုက်ပွဲက တောတော်ဆိုးနေတယ်။” လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ (၁၇)ရက်နေ့က ဖားကန့် မှော်ရှန်ဘက် စစ်ကော်မရှင်လက်နက်ကြီးကြောင့် ကလေးငယ်တစ်ဦးထိခိုက် သေဆုံးပြီး ကလေးငယ်အပါအဝင် အရပ်သား(၄)ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်းသိရပါတယ်။
