
မိုးညှင်းမှာ မူးယစ်ဆေး ရောင်းဝယ်သူတွေ ဆူပူတာကြောင့် ပြည်သူများအနှောက်အယှက်ဖြစ်နေ
မိုးညှင်းမြို့။ ၂၅၊ဇူလိုင်လ၊၂၀၂၅
မိုးညှင်းမြို့ နောင်စွန်းရပ်ကွက် လမ်းဆုံ ဒေါင့်မှာ မူးယစ်ဆေး ရောင်းဝယ်သူတွေညအချိန်မတော် ဆူပူသောင်းကျန်းနေတာကြောင့် မြို့နေပြည်သူများ ညမအိပ်ရဘဲ အနှောက်အယှက် ဖြစ်နေတယ်လို့ ပြောပါတယ်။
“နောင်စွန်းလမ်းဆုံက မော်တော်ပီကေရုံးတဲ ထဲမှာ ည(၁၁)နာရီလာက်ဆိုရင် ဖိုးသမားတွေ စုပြီး ဆေးအရောင်းအဝယ်လုပ်ကြတယ် ၊ဆဲဆို အော်ဟစ်ပြီးဆူညံနေတော့ မအိပ်ရဘူး ၊ရာမကြောင်တဲ့သူကလဲအကျယ်ကြီးအော်ပြီး မော်တော်ပီကေရုံးတဲကို ဒုတ်နဲ့ဆက်တိုက်ထုနေတာ ၊ဆေးထိုးအပ်တွေဆိုပုံလို့ အမှိုက်တွေရော ဆိုင်ကယ်တစ်စီးပြီး တစ်စီး ရပ်လိုက်သွားလိုက်နဲ့ ဆူညံနေကြတာ၊ ခွေးကလည်း ညတိုင်းဟောင်တာ မရပ်တော့ဘူး ၊မီးပျက်လို့ ပူတာကတမျိုး ၊ သူတို့ဆူလွန်းလို့ မအိပ်ရတာကတမျိုးနဲ့ အိပ်ရေးပျက်တာ တပတ်လောက်ရှိပြီ ၊”လို့ နောင်စွန်းလမ်းဆုံအနီးမှာနေတဲ့ ပြည်သူတစ်ဦးက ပြောပါတယ်။
မော်တော်ပီကေရုံးတဲကို ပြီးခဲ့တဲ့ ဇွန်လက သော့ခတ်ပြီး ရုံးတဲအနီးတဝှိုက်က ခြုံတွေကို စည်ပင်သာယာက ရှင်းထားပေမယ့် ရုံးတဲအနောက်ဖက်က အမှောင်ထဲမှာ မှောင်ရိပ်ခိုပြီး ဆေးအရောင်းအဝယ်လုပ် နေကြတာဖြစ်တယ်လို့ သူကဆိုပါတယ်။
မိုးညှင်းက သက်ဆိုင်ရာတာဝန်ရှိသူတွေ အနေနဲ့ မူးယစ်ဆေးဝါးရောင်းဝယ်နေပြီး ညအချိန်မတော် ဆူပူသောင်းကျန်းနေတဲ့သူတွေကို အရေးယူဖမ်းဆီးတာမျိုး ပြုလုပ် စေထပ်ချင်တယ်လို့ မြို့ခံတွေကတောင်းဆိုနေကြပါတယ်။
