လူ့အခွင့်အရေးချိုးဖောက်မှု – မတရားဖမ်းဆီးမှုနှင့် ထိန်းသိမ်းချုပ်နှောင်မှု

ဂွေထူဒေသဘက်မှာ လဆန်အောင်ဝါအဖွဲ့ (ဒေသပြည်သူ့စစ်) အခြေချခဲ့သည့် ၂၀၀၅ခုနှစ်နောက်ပိုင်းတွင် ဂွေထူဒေသအနီးဝန်းကျင်ရှိ မြေနေရာများတွင် ကုမ္ပဏီများက ငှက်ပျောပင်စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်လာကြသည်။ အစပိုင်းတွင် ငှက်ပျောစိုက်ပျိုးရေးကို ဒေသခံများက ဆန့်ကျင်ခြင်းမရှိခဲ့ပါ။ “အခုဖြစ်နေတဲ့ ဒီပြဿနာက အင်ထုန်ခချောင်းနဲ့ မဂါးခချောင်းက ကျွန်တော်တို့လယ် တော်တော်များများ လုပ်တဲ့အခါမှာ သုံးတဲ့ချောင်းရေဟုတ်တယ်။ အဲဒီရေဝင်ပေါက်မှာ တောင်ယာလုပ်တယ်။ အဲဒီနေရာမှာ ရေခမ်းလာလို့ တောကိုအရင်ကတည်းက ထိန်းသိမ်းထားတဲ့နေရာဟုတ်တယ်။ အဲဒါ‌ကြောင့် ဒီနေရာကို တောင်ယာမခုတ်နဲ့လို့ ကျွန်တော်တို့သွားပြောတယ်။
ရွာသူ/သားများ ထိန်းသိမ်းကာကွယ်ထားသော တောတောင်တွင် တောင်ယာလာလုပ်သည့် လူများက လဆန်အောင်ဝါတပ်များ၏ အခွင့်အာဏာနဲ့ လာလုပ်သည့်လူများဖြစ်သည်။ ထန်းသိမ်းကာကွယ်ထားသည့်တောတောင်တွင် တောင်ယာမခုတ်ရန်အတွက် ဂွေထူဒေသခံများ၏ကိုယ်စား ရပ်ရွာလူကြီးနှစ်ဦးကို သွားတင်ပြရန်စေလွှတ်ခဲ့ပြီးပြီ။
“ဒါပေမဲ့ တောင်ယာဆက်လုပ်နေသေးတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး လွန်ခဲ့တဲ့ ဇန်နဝါရီလ (၂၀၁၅ခုနှစ်)မှာ ဂွေထူဒေသက ယုံကြည်အားကိုးရတဲ့လူကြီးနှစ်ယောက်ကို ‌တောင်ယာလုပ်နေတဲ့သူတွေကို ခဏရပ်ဖို့ သွားပြောခိုင်းတယ်။ သွားပြောပေမဲ့လည်း ဆက်လုပ်နေသေးတယ်။”
ထိန်းသိမ်းကာကွယ်တောတွင် တောင်ယာလာခုတ်လိုက်ရင် အင်ထုန်ခချောင်းရေ ခမ်းသွားမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။ “အဲဒီချောင်းရေနဲ့ လယ်ယာတော်တော်များများမှာ စိုက်ပျိုးဖို့အဲဒီရေကိုပဲ အားကိုးနေရတယ်။ အဲဒီရေနဲ့ကျွန်တော်တို့ရေချိုးတယ်။ အရင်က သောက်ရေအဖြစ်လည်းသုံးခဲ့တယ်။ အခုလည်းသောက်ရေအဖြစ်သုံးတဲ့သူတွေရှိသေးတယ်။ ကျောင်းသားတွေ အဲဒီမှာပဲ‌‌ရေချိုးကြတယ်။ ဂွေထူမြေတစ်ဝက်လောက်မှာရှိတဲ့ လယ်ယာမြေက အဲဒီချောင်းရေကို သုံးကြတယ်။
တောင်ယာခုတ်တဲ့ကိစ္စကို ရပ်တန့်နိုင်ရန်အတွက် ဒေသခံ (၁၃၆)ယောက်သည် ၁၆ရက်၊ ဖေဖော်ဝါရီလ ၂၀၁၅ခုနှစ်တွင် အင်ထုန်ခချောင်း မြစ်ဖျားထိသွားပြီး ဆန့်ကျင်ကန့်ကွက်ခဲ့ကြသည်။ ထိုသို့ဆန့်ကျင်ကန့်ကွက်မှုကို လဆန်အောင်ဝါအဖွဲ့သည် အလိုမရှိပါ။ “လဆန်အောင်ဝါအဖွဲ့ဝင်ဖြစ်သည့် (ဦး***)သည် ရွာသားများနှင့် တွေ့သည့်အခါ “မင်းတို့ခေါင်းဆောင်ဘယ်သူလဲ။ ဒီမှာတောင်ယာခုတ်ခိုင်းတာကို တောင်ယာမလုပ်ခိုင်းဘူးဆိုရင် ဂွေထူမှာနေတဲ့လူတွေ ဘယ်သူမှလယ်ယာမလုပ်စားနဲ့ လယ်လုပ်စားတဲ့သူအားလုံးကို ပစ်သတ်လိုက်မယ်” လို့ပြောတယ်။ သူ့သားက ဆိုင်ကယ်‌ပေါ်ကနေ သူ့အဖေကို သေနတ်တိုထုတ်ပေးလိုက်တယ်။ ဒါပေမဲ့သူ့အဖေက သေနတ်တိုတော့မယူတော့ဘူး။ ရွာလူထုက သူတို့သားအဖဆီ အုံလာတဲ့အခါ အလျင်စလို ရှောင်ထွက်သွားတယ်။”
လဆန်အောင်ဝါတပ်ဖွဲ့ဝင် (၆)ယောက်နဲ့ သူတို့ဖွဲ့ထားသည့် မီးသတ်အဖွဲ့သည် “အင်ထုန်ခချောင်းရေ တံတားပေါ် ဘယ်၊ ညာ နေရာယူပြီးတော့ ရွာလူထုကို သေနတ်နဲ့ချိန်ထားကြတယ်။ “မင်းတို့နဲနဲမှမလှုပ်နဲ့၊ မင်းတို့ရဲ့ခေါင်းဆောင် ဘယ်သူလဲ”လို့မေးတယ်။ “ခေါင်းဆောင်မပါဘူး၊ ငါတို့အားလုံးကခေါင်းဆောင်ပဲ”လို့ ပြောလိုက်တယ်။
လဆန်အောင်ဝါတပ်ဖွဲ့များသည် ဂွေထူရွာလူကြီးတစ်ချို့၏နာမည်ကို ရွာလူထုအား ဖတ်ပြပြီး ခေါ်ထုတ်လာသည်။ ခေါ်ထုတ်ခံရသည့်ရွာလူကြီးများကို ကြိုးချည်လိုက်ပြီး လဆန်အောင်ဝါအဖွဲ့ရုံး အခြေစိုက်သည့် နောင်းခိန်းကျေးရွာသို့ သုံးဘီးကားပေါ်တင်ကာ ခေါ်ဆောင်သွားခဲ့သည်။
နောင်းခိန်းရောက်တဲ့အချိန်တွင် မိုးချုပ်လာပြီဖြစ်သည်။ “အခန်းတစ်ခုထဲမှာ အခန်းတံခါးပိတ်ထားပြီးတော့ လက်နောက်ပြန်ချည်ထားတော့ ကျွန်တော်တို့ကဘာမှမသိတော့ဘူး။ အဲဒီညတော့ အိပ်ရခက်ပြီ။ နေ့လည်တုန်းကလည်း အလျင်စလိုသွားနေရတော့ (တောင်ယာခုတ်သည့်ကိစ္စကိုဆန့်ကျင်သည့်အရေး) ထမင်းလည်းကောင်းကောင်းမစားခဲ့ရ။ ည ၁၀း၀၀ခွဲတဲ့အချိန်မှာမှ ထမင်းစားရအောင်ဆိုပြီးလာခေါ်တယ်။၊ ထမင်းစားပြီးတော့ ခုနလိုမျိုးပဲပြန်ချည်ထားတယ်။ အိပ်လို့လည်းမရ။ အခန်းထဲမှာဒီတိုင်းထိုင်နေရတယ်။ တံခါးလည်းပိတ်ထားတယ်။ ညသန်းခေါင်ကျော်အချိန်မှာတော့ သူတို့ပြန်လာပြီး လက်ရှေ့ထားပြန်ချည်ထားတယ်။”
ညက ဖမ်းချုပ်စစ်ဆေးပြီး၊ နောက်နေ့ ၈း၀၀နာရီတွင် ခေါ်ထုတ်လာပြီး နောက်နောင်ယခုလို ဆန့်ကျင်ကန့်ကွက်သည့် လုပ်ရပ်မျိုးကို ပြန်မလုပ်ရန်အတွက် ခံဝန်ကတိလက်မှတ်ထိုးခိုင်းပြီး ပြန်လွတ်လိုက်သည်။ အဲဒီနေ့ဖမ်းချုပ်ခံရသူများသည် ဦး***၊ ဦး***၊ ဦး***၊ ဦး***၊ ဦး*** သူတို့(၅)ယောက်ဖြစ်သည်။

Leave a Reply