
စစ်ကော်မရှင် အစိုးရမှ မြစ်ဆုံ – မြစ်ညာ-မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်ရန် လူထုစည်းရုံးမှု ပြုလုပ်လာ’
ကချင်ပြည်နယ်။ ၃၁၊မတ်လ၊၂၀၂၆
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အနီးရှိ မြစ်ဆုံနေရာတွင် ရေအားလျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်းပြန်စဖို့ စစ်ကော်မရှင် အစိုးရမှ မြစ်ကြီးနား နဲ့ ဝိုင်းမော် အတွင်းရှိ ဒေသခံများကို တွေ့ဆုံ စည်းရုံဆွေးနွေးပွဲများ ခပ်စိတ်စိတ်ပြုလုပ်လာပါတယ်။
မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ဖို့အတွက် လူထုစည်းရုံ တွေ့ဆုံပွဲများကို စစ်ကောင်စီ နေပြည်တော်အစိုးအရ နဲ့ ကချင်ပြည်နယ်အစိုးရအဖွဲ့များက ပိုမိုခပ်စိပ်စိပ်ပြုလုပ်လျက်ရှိလာနေ သည်ကိုတွေ့ရပါတယ်။ ယနေ့အချိန်ထိ စည်းရုံးရေးလူထုတွေ့ဆုံမှုကိုအနည်းဆုံး (၁၁) ကြိမ်ပြုလုပ်ပြီး ဖြစ်ကြောင်းသိရပါတယ်။
လူထုဆွေးနွေးတွေ့ဆုံရာတွင် လျပ်စစ်မီးများပိုမိုရရှိလာမည်ဖြစ်ကြောင်းနဲ့ မြစ်ဆုံစီမံကိန်းကြောင့် ဖွံ့ဖြိုးတိုးတက်လာမည့် အခွင့်အရေးများ များစွာရှိမည်ဖြစ်ကြောင်း၊ လက်ရှိဖြစ်ပေါ်နေ သည့် စစ်ပွဲများသည် မည်မျှကြာရှည်မည်ကိုမသိ ငြိမ်းချမ်းတဲ့ နေ့မှလုပ်ဆောင်ရန်စောင့်ရင်တော့ ဖွံ့ဖြိုးမှုတအား နောက်ကျမည် ဖြစ်ကြောင်း ပြောဆိုကာ စည်းရုံးမှုများကိုပြုလုပ်လျက်ရှိကြောင်းသိရပါတယ်။
၎င်းဆွေးနွေးပွဲ တွင် တက်ရောက်လာသူရဲ့ ပြောပြချက်အရ ” သူတို့က မြစ်ဆုံအတွက်ဆိုပြီး အစည်းအဝေးခေါ်တာမဟုတ်ဘူး၊ တွေ့ဆုံမှုဆိုတာမျိုးနဲ့ပဲခေါ်ဒါ၊ ပြီးတော့ သူတို့က မြစ်ဆုံရဲ့ ကောင်းကြောင်းကိုပဲပြောသွားတယ်၊ ဆိုးကျိုးမရှိသလိုပဲပြောသွားတယ်၊ ကျွန်တော့အမြင်တော့ မြစ်ဆုံ စီမံကိန်းနဲ့ပတ်သက်ပြီးလာစည်းရုံးတယ်ဆိုရင် မေးခွန်း အမေးအဖြေ အစီစဉ်တွေ ပါထည့်ရမယ်လို့ထင်တယ်”
မြစ်ဆုံစီမံကိန်းကိုအခုလို နိုင်ငံရေးမတည်မငြိမ်ဖြစ်ပြီး ယခင်ကဲ့သို့ လူထုဆန္ဒထုတ်ဖော်ခွင့်မရသည့်အပေါ်တွင် ဒေသခံတစ်ဦးက
“ကျွန်တော်တို့ကအရင်ကတည်းကလမ်းပေါ်ထွက်ကန့်ကွက်ခဲ့တယ် ယခုချိန်တော့ လမ်းပေါ်ထွက်ဆန္ဒထုတ်ဖော်ဖို့ဆိုတာမဖြစ်နိုင်ဘူး၊ လူတွေစုဝေးဖို့လည်းမဖြစ်နိုင်ဘူး ဒါကိုအခွင့်ကောင်းယူပြီးတော့ တရုတ်ရဲ့ တိုက်တွန်းမှုတွေနဲ့ လူထုစည်းရုံးများခပ်စိပ်စိပ်လုပ်လာတဲ့သဘော လို့မြင်တယ်” လို့ပြောပါတယ်။
မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်ပြီး ” ယခုသူတို့ရဲ့ ချဉ်းကပ်သည့်ပုံစံကအရင် ကနဲ့မတူဘူး၊ အရင်ကအစိုးရနှင့်တိုက်ရိုက်သွားတယ် ခုက ဒေသခံများနှင့်ပူးပေါင်းပြီးတော့ စီမံကိန်းကို အကောင်အထည်ဖော်ဖို့တွက် ကြိုးစားချဉ်းကပ်သည့်ပုံစံတွေ့ရတယ်၊ ဘယ်လိုတွေစည်းရုံးထား လည်းတော့မသိဘူး အရင်ကကန့်ကွက်တဲ့ထဲ မှာပါဝင်ခဲ့တဲ့လူတွေက စည်းရုံးရေးကော်မတီတွေမှာတောင်ပါဝင်နေပြီး မြစ်ဆုံစီမံကိန်းအားပေးတာတွေ လုပ်လာနေတာတွေ့ရတယ်” လို့ အမည်မဖော်လိုသူတစ်ဦးပြောပါတယ်။
ဆက်လက်ပြီး “သူတို့ကအောက်ခြေမှာ ဒေသခံတွေကိုစည်းရုံးသည့်အချိန် မြစ်ဆုံစီမံကိန်းက ကချင်အရေးဖြစ်တယ် တစ်ခြားတိုင်းနဲ့ပြည်နယ်တွေက မြစ်ဆုံစီမံကိန်းကန့်ကွက်တယ်ဆိုတာ နင်တို့ကချင်ပြည်နယ် တိုးတက်သွားမှာ မလိုလားလို့ပြောနေကြတာဟုတ်တယ်၊ ဒါကြောင့် သူတို့စကားကိုနားမထောင်ဘဲ ငါတို့ပြည်နယ် မီးရရှိဖို့နဲ့ ဖွင့်ဖြိုးတိုးတက်လာဖို့ ငါတို့ဘဲဆုံးဖြတ်သင့်တယ်” ဆိုပြီးတော့စည်းရုံးရေး ဆင်းကြ ကြောင်းလည်းသိရတယ်။
၎င်းမြစ်ဆုံစီမံကိန်းကို ၂၀၁၁ ခုနှစ် သမ္မတ ဦးသိန်းစိန်လက်ထက်တွင် ရပ်ဆိုင်းထားခဲ့ပြီး NLD အစိုးရ လက်ထက်တွင်လည်း တရုတ်က ၎င်းမြစ်ဆုံစီမံကိန်းကို ပြန်လည်အကောင်အထည်ဖော်ရန် ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ အခုတစ်ဖန် ပြန်လည်စတင်ဖို့ပြုလုပ်နေပါတယ်။
