လေယာဥ်ဆီ မလုံလောက်မှုကြောင့် ပြည်တွင်း လေကြောင်းပြေးဆွဲမှုကို ရပ်ဆိုင်းထားသော်လည်း တစ်ဖက်တွင် စစ်ဘက်ဆိုင်ရာ လေကြောင်းတိုက်ခိုက်မှုများအတွက် လေယာဥ်ဆီ အသုံးပြုမှု အဆမတန် မြင့်မားနေ
မြန်မာနိုင်ငံ။ ၂၅၊မတ်လ၊၂၀၂၆
အီရန်ဟော်မုဇ်ရေလက်ကြားမှ ကမ္ဘာရေနံဆီများဖြတ်သန်းသွားလာခြင်းကို ကန့်သတ်လိုက်သည့်နောက်ဆက်တွဲအနေဖြင့် ကမ္ဘာ့တစ်ဝန်း ရေနံဆီတင်သွင်းမှုအခက်အခဲကြုံနေရချိန်တွင် စစ်ကော်မရှင်အစိုးရက မြန်မာနိုင်ငံတွင် စက်သုံးဆီချွေတာရေးစီမံချက်ဖြင့် အိမ်သုံးမော်တော်ယဉ်များအား စုံ/မ သတ်မှတ်ရက်ဖြင့်သာ သွားလာရန်ကြပ်မတ်ကာ၊ ပျက်ကွက်သူများကိုလည်း ဖမ်းဆီးခြင်းများ စီမံဆောင်ရွက်လျက်ရှိသည်။ လေယဉ်ဆီလိုအပ်ချက်များမြင့်တက်လာသည် နှင့်အမျှ ပြည်တွင်းလေကြောင်းလိုင်းများပြေးဆွဲမှုကို မတ်လ ၂၁ ရက်နေ့မှ လျော့ချမှုများကိုပြုလုပ်ခဲ့ပါသည်။ သို့သော်လည်း စစ်ကောင်စီတပ်များ၏ စစ်ဘက်ဆိုင်ရာ တိုက်ခိုက်ရေးသုံးလေယဉ်များအတွက် လေယာဉ်ဆီ အသုံးပြုမှုမှာ အဆမတန်အသုံးပြုလျက်ရှိသည်ကို တွေ့ရသည်။
စစ်ကော်မရှင်မှ ယမန်နေ့ နေ့ဝက် (မနက် ၁ နာရီ ၄၈မိနစ် မှ နေလည် ၁ နာရီ ၃၃ မိနစ်) အတွင်း စစ်ဘက်ဆိုင်ရာ လေကြောင်းအသုံးပြုမှုတွင် လေယာဥ်ဆီ ၁၆,၃၁၆ (တစ်သောင်းခြောက်ထောင်သုံးရာတစ်ဆယ့်ခြောက်) ဂါလံခန့် ကို သုံးစွဲထားကြောင်း ဝေဟင်သတင်းအချက်အလက်ပေးသူများထံမှ သိရပါသည်။ ၎င်းသုံးစွဲမှုသည် နေ့တစ်ဝက်အတွင်း ဗုံးကြဲခြင်း၊ ထောက်ပုံ့ခြင်းများနှင့်ထောက်လှမ်းခြင်းများတွင်အသုံးပြုခဲ့သော လေယဉ်ဆီ ပမာဏ ဖြစ်ကြောင်းတွေ့ရသည်။
နေ့တစ်ဝက်အတွင်း အသုံးပြုခဲ့သော လေယာဥ်အမျိုးအစားများမှာ ဂျက်ဖိုက်တာ( ဗုံးကျဲလေယာဥ်) ၇စီး၊ Y 12 (စစ်ထောက်ပို့ နှင့် ဗုံးကျဲလေယာဥ်) ၄ စီး၊ MI-17 ( ဘက်စုံသုံး ရဟတ်ယာဥ်) ၂ စီး၊ Let kunovice ကုမ္ပဏီထုတ် L-410.UVP-E20 (ထောက်ပို့ယာဥ်) ၁ စီး နှင့် Fokker-70 (ထောက်ပို့ယာဥ်) ၁ စီး ကိုအသုံးပြုခဲ့ကြောင့်သိရသည်။
၎င်းလေယာဥ်များ နေပြည်တော်လေတပ်၊ မကွေးလေတပ် ၊တံတားဦးလေတပ်၊ မိတ္ထီလာလေတပ်၊ မုံရွာ နမခ လေတပ်၊ ဟုမ္မလင်းလေတပ် စသည့် လေတပ်များမှဖြစ်ကြပြီး မြန်မာနိုင်ငံ အထက်ပိုင်း စစ်ကိုင်းတိုင်း ဒေသ အတွင်းရှိ NUG အုပ်ချုပ်မှုအောက်ရှိ ဒေသများ နှင့် ကချင်ပြည်နယ် သို့ လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်လျက်ရှိပြီး မတ်လ ၂၄ ရက် တစ်ရက်အတွင်း မြန်မာနိုင်ငံ အထက်ပိုင်းတွင် ၁၉ ကြိမ် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း human rights insight မှ လေ့လာတွေ့ရှိခဲ့ပါသည်။

Leave a Reply