ဖားကန့် မြို့ နေအိမ်တစ်လုံးပေါ်တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲကာ မိသားစု(၃)ဦး ထိခိုက်ဒဏ်ရာရ
ဖားကန့်မြို့။ ၃၊ဖေဖော်ဝါရီလ၊၂၀၂၆
ယနေ့ မနက် ၅ နာရီခန့်တွင် ဖားကန်မြို့ အမှိုက်ပုံရွာ မြို့ကုန်းရှိ နေအိမ်တစ်လုံးတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲကာ မိသားစု (၃)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
၎င်းဒဏ်ရာရရှိသူ မိသားစု (၃)ဦးတွင် ၂ နှစ်အရွယ်ကလေးငယ် နောက်စေ့နဲ့ ပေါင်တွင် ထိခိုက်ဒဏ်ရာရရှိ၊ မိခင်ဖြစ်သူရဲ့ ဘယ်ဘက်နဲ့ ညာဘက် ရင်အုံအထက်တို့တွင် ထိမှန်ပြီး ဖခင်ဖြစ်သူက ခြေထောက်တွင် ထိမှန်ခဲ့ကာ ဆေးကုသမှုပေးထားကြောင်း သိရှိရပါတယ်။
“ အဲ့သတင်းက မှန်တယ် ဒါပေမဲ့လည်း ဘယ်မိသားစုလဲတော့ မသိဘူး ၊ ဒီနေ့ကစပြီး အဲ့နေရာမှာ စစ်ဘက်ဆိုင်ရာတွေက နေရာပြန်ယူလာတဲ့အတွက် ပြန်ရှောင်ရမယ်တဲ့” လို့ ဖားကန့်‌ဒေသခံ အမျိုးသမီးတစ်ဦးက Langji_လန်ဂျီ ကိုပြောပါတယ်။
အမှိုက်ပုံရွာသည် တိုက်ပွဲများဖြစ်ပွားလာသောကြောင့် စစ်‌ရှောင်ပြည်သူများထားခဲ့သောရွာဖြစ်ပြီး အချို့ပြည်သူများမှ ဝမ်းစာရေးအရ မိမိနေရပ်တွင် ပြန်လည်နေထိုင်ကြသောရွာဖြစ်ပြီး ယခုတစ်ခါပြန် တိုက်ပွဲအခြေအနေကြောင့် စစ်ပြေးရှောင်ရန် ပြင်ဆင်နေသောရွာဖြစ်ပါသည်။
ယခုအချိန်တွင် ဖားကန့်‌ဒေသတွင် စစ်ကော်မရှင်ပူးပေါင်းတပ်နဲ့ KIAပူးပေါင်းတပ်တို့ကြား တိုက်ပွဲပြင်းထန်နေပြီး မနေ့ ဖေဖော်ရီ ၂ ရက်နေ့တွင်လည်း နှစ်ဖက် အပြန်အလှန်ပစ်ခတ်ရာမှ ဖားကန့်အထက်တန်းကျောင်း KGစာသင်‌ဆောင် ပေါ်တွင် လက်နက်ကျရောက်ပေါက်ကွဲကာ ကလေး ၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

Leave a Reply