
ကချင်ပြည်နယ် တစ်လအတွင်း အရပ်သားထိခိုက်သေဆုံးမှု နဲ့ တိုက်ပွဲ
ကချင်ပြည်နယ် ။ ၃၊ဖေဖော်ဝါရီလ၊၂၀၂၆
တစ်လအတွင်းအရပ်သား ၂၀ ကျော်သေဆုံးပြီး ၃၀ ကျော်ခန့် ဒဏ်ရာရရှိကာ ကချင်ပြည်နယ်အနှံတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂၀ ကျော်ခန့် သေဆုံးခဲ့ပြီး ၃၀ ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ် ၃ဦး နဲ့ လူကြီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဖေဖော်ဝါရီ ၂ ရက်နေ့ ဖားကန့် ဒေသတွင် စစ်ကော်မရှင် နဲ့ KIAကြား နှစ်ဖက် အပြန်အလှန်ပစ်ခတ်ရာမှ ဖားကန့်အထက်တန်းကျောင်း KGစာသင်ခန်းပေါ်တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲကာ ကလေးငယ်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ မရှီကထောင်တွင်လည်း ကျဉ်ထိမှန်ကာ အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ထို့အပြင် ၂၂ ရက် ဇန်နဝါရီလတွင် စစ်ကော်မရှင်မှ လေကြောင်းတိုက်ခိုက်မှုကြောင့် ဗန်းမော်ကောင်ဂျာကျေးရွာမှ နာရေးအိမ်တွင် ကျရောက်ထိမှန်ကာ ၎င်းနာရေးအိမ်တွင် ဆုတောင်းလာသူ အရပ်သား ၂၂ ဦး ထိခိုက်သေဆုံးခဲ့ပြီး ၃၀ ဦးခန့်ထိခိုက်ဒဏ်ရာရရှိကာ လက်ရှိတွင် နီးစပ်ရာဆေးရုံ၊ ဆေးခန်းများတွင် ဆေးကုသခံယူ နေရပါတယ်။
မိုင်းနား -ဝါရှောင်လမ်းပေါ်ရှိ ငှက်ပျောခြံတွင် ပိုက်ဆံကောက်ခံနေသည့် ပြည်သူ့စစ်ဂိတ်တစ်ခုကို KIAပူးပေါင်းတပ်မှ ဖေဖော်ဝါရီ ၂ ရက်နေ့မနက်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပါတယ်။ ဝိုင်းမော်မြို့ရှိ လမြန်၊ မိုင်းနား-ဝါရှောင်လမ်းတစ်လျှောက်တွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေပြီး စစ်ကော်မရှင်မှ လေကြောင်းတိုက်ခိုက်မှုအပြင် ၅၈တပ်၊ မိုင်းနားတောင် နဲ့ မြောက်ပိုင်းတိုင်းမှ လက်နက်ကြီး ပစ်ကူမှုများ ဆက်တိုက်ပြုလုပ်နေပါတယ်။
ထို့အပြင် ဖားကန့်ဒေသ နဲ့ အင်းတော်ကြီးဒေသတွင် စစ်ကော်မရှင်ပူးပေါင်းတပ် နဲ့ KIA ပူးပေါင်းတပ်တို့ ကြားတိုက်ပွဲ ပြင်းထန်နေပြီး မိုးညှင်း၊ ဗန်းမော်၊ တနိုင်းဘက်တွင်လည်း တိုက်ပွဲများဖြစ်ပွားခဲ့ပါသည်။
