
ဖားကန့်မြို့တွင် စစ်ကော်မရှင်ဘက်မှ လက်နက်ကြီးပစ်ခတ်မှုကြာင့် ကလေးငယ်တစ်ဦးသေ ၊ ပြည်သူတစ်ချို့ထိခိုက်သေဆုံး
ဖားကန့်မြို့။ ၂၁ ၊ နိုဝင်ဘာလ ၊ ၂၀၂၅ ။
ကချင်ပြည်နယ် ဖားကန့်မြို့ ဆိပ်မူရပ်ကွက် ( ၁ ) နှင့် ( ၃ ) တို့တွင် ယမန်နေ့ည ( 11: 25 pm ) ခန့်က လက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့် အသက် ( ၂ ) နှစ်အရွယ် ကလေးငယ်တစ်ဦး ထိခိုက်သေဆုံးပြီး အမျိုးသမီး ( ၄ ) ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။
“မနေ့ည 11:25 မိနစ်ခန့်ကနေ စတင်၍ ည 12:58 မိနစ်အချိန်လောက်ထိ စစ်ကော်မရှင်များမှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်လို့ ဆိပ်မူရပ်ကွက် ( ၁ ) နှင့် ရပ်ကွက် ( ၃ ) တို့တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲလို့အသက်( ၂ ) နှစ်အရွယ်ကလေးငယ်တစ်ဦးသေဆုံးပြီး ပြည်သူတချို့ ထိခိုက်ဒဏ်ရာ ရတာရှိတယ်တဲ့။” လို့ ဒေသခံ အမျိုးသမီး ( ၁ ) တစ်ဦးပြောပါတယ်။
အဆိုပါ လက်နက်ကြီးများကို ဖားကန့်မြို့တပ်မကုန်းနှင့် မရှီကထောင်ရခိုင်ကုန်းတို့တွင် အထိုင်ချတပ်စွဲထားသော စစ်ကော်မရှင်တပ်ဘက်မှ ပစ်ခတ်လိုက်တာဖြစ်ကြောင်း သူမက အတည်ပြုပါတယ်။
ယမန်နေ့ညက ဖားကန့်ဒေသတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသလို၊ စစ်ကော်မရှင်မှ ပြည်သူများနေထိုင်ရာ ကျေးရွာများသို့ ရည်ရွယ်ချက်ရှိရှိပစ်ခတ်တာဖြစ်ကြောင်း ဖားကန့် ဒေသခံပြည်သူများကဝေဖန်ပါတယ်။
“တိုက်ပွဲမရှိဘဲ ပြည်သူရှိတဲ့ဘက် ခဏခဏပစ်တယ်။ ရည်ရွယ်ချက်တစ်ခုခု တော့ရှိမယ်။ ဥပမာ- မနေ့က ဖားကန့်မှာ ပြည်သူတစ်ချို့ စစ်ကော်မရှင်ကို မဲမထည့်ဖို့ ဆန္ဒပြကြတယ်လေ။” လို့ ဖားကန့်မြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ( ၁၄ ) ရက်နေ့က စစ်ကော်မရှင်တပ်မကုန်းဘက်မှ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဖားကန့် လုံးခင်းအုပ်စု၊ မားဆား ရပ်ကွက်တွင် မူကြိုကလေးငယ်တစ်ဦးနှင့် ဆရာမတစ်ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
