
ပြည်သူများ အကျိုးစီးပွား မထိခိုက်ရန်အတွက် ငွေအတုများကို သက်ဆိုင်ရာ အာဏာပိုင်များမှ အမြန် ဖမ်းဆီး စစ်ဆေးအရေးယူသင့်ဟုဆို။
ကချင်ပြည်နယ်။ ၁၀ ၊ နိုဝင်ဘာလ ၊ ၂၀၂၅။
ကချင်ပြည်နယ်တွင် အာဏာသိမ်းပြီး နောက်ပိုင်းမှ ယခုချိန်အထိ (၅၀၀၀) တန်နှင့် (၁၀၀၀) တန်ငွေစက္ကူအတုများ တွေ့ရှိရသော်လည်း သက်ဆိုင်ရာ အာဏာပိုင်အပြင် ဘဏ်များမှ တာဝန်ယူမှု တာဝန်ခံမှု မရှိခဲ့တာ ကြောင့် ငွေအတုနဲ့ ကြုံရတဲ့ပြည်သူများ များစွာနစ်နာခဲ့ရပါတယ်။
အဆိုပါ ငွေအတု များကို ဈေးရောင်း ဈေးဝယ်ထဲက ပါလာတာဖြစ်ပြီး ငွေလွဲ၊ ငွေထုတ် ဆိုင်နေရာများနဲ့ ဘဏ်တွေမှာ ရှာတွေ့ချိန် သိမ်းယူပြီး တာဝန်ယူမှု တာဝန်ခံမှု မပေးတာကြောင့် ငွေရှင်များ တန်ဖိုးများစွာဆုံးရှုံးတာ ကြုံရကြောင်း ကိုယ်တိုင်ကြုံ တွေ့ရသူတစ်ဦးကပြောပါတယ်။
“ဟိုတစ်ခါက ငွေသွားလွှဲတာ သိန်းတစ်ရာမှာ (၅) သိန်း လောက် အတုဖြစ်နေတယ်။ ကြားညပ်ပြီးပါတာ။ သူတို့က အတုဆိုပြီး သိမ်းပဲသိမ်းသွား ဘာမှလုပ်ပေးတာမရှိဘူး။ အလကားရှုံးတာပေါ့။ တစ်ကယ်ဆိုရင် တစ်ခုခုလုပ်ပေးသင့်တယ်လေ” လို့ မြစ်ကြီးနားမြို့ခံတစ်ဦးက ပြောပါတယ်။
ယခုလို ပြည်သူများခက်ခဲနေတဲ့အချိန် ပြည်သူများ အကျိုးစီးပွား မထိခိုက် အောင် ဒီလိုမျိုး ငွေအတုများကို သက်ဆိုင်ရာ အာဏာပိုင်များက ဈေးဆိုင်နဲ့ ငွေလွှဲ၊ ငွေထုတ် ဆိုင်များတွင် လိုက်လံစစ်ဆေးမှု ပြုလုပ်သင့်တဲ့အပြင် ပြည်သူများမနစ်နာအောင် တာဝန်ယူမှုတာဝန်ခံများ ပေးသင့်တယ်လို့ သူမကဆက် ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ (၆) ရက်က KIO ထိန်းချုပ်နယ်မြေ မန်ဝိန်းကြီးမြို့မှာ တရုတ်ငွေများကို သက်ဆိုင်ရာ အာဏပိုင်များက စစ်ဆေးရာတွင် တရုတ်ငွေ (ဆယ်သိန်း) မှာ (ခြောက်သိန်း) ခန့် ပါနေတာ တွေ့ရပြီး လက်သည်ပိုင်ရှင်ကို စစ်ဆေးမေးမြန်း အရေးယူတာ လုပ်ဆောင်နေကြောင်းသိရပါတယ်။
