
ဆိုင်းတောင်မြေစာပုံတွင် စုဆောင်းရေးဆွဲချိန် ထွက်ပြေးသည့် အမျိုးသားတဦးပြုတ်ကျသေဆုံး
ဖားကန့်မြို့။ ၃၊အောက်တိုဘာလ၊၂၀၂၅
စက်တင်ဘာ(၃၀) ညနေ (၃)နာရီခွဲအချိန်တွင် ဆိုင်းတောင် နမ့်မှော်ကျေးရွာ အဲဗားမြေစာပုံ၌ ကျောက်ရှာနေကြသည့် အမျိုးသားများကို စုဆောင်းရေးဖမ်းခေါ်စဥ်ဖမ်းဆီးခံရမည်ကို စိုးရိမ်ပြီး မြေစာပုံပေါ်တက်ပြေးသည့် အမျိုးသားတစ်ဦး ပြုတ်ကျပြီး သေဆုံးသွားကြောင်း မျက်မြင်သက်သေများမှ ပြောသည်။
” ခုတလော စုဆောင်းရေးတအားဆွဲနေလို့ ညနေခြောက်နာရီဆို ဘယ်သူမှအပြင်မထွက်ကြတော့ဘူး ၊ အခုလဲ အဲဗားမြေစာပုံနား ညနေပိုင်း ဘက်ဖိုးလုပ်တဲ့အချိန် ၃နာရီကျော်မှာဝင်ဖမ်းတာ ၊ သူတို့က နှစ်ဖက်ညှပ်ပြီးဖမ်းတာ ၊ ရေထဲကနေဖောင်နဲ့ လိုက်ဖမ်းချိန်မှာ အကုန်လုံးကျင်းကမ်းပါးပေါ်တက်ပြေးကြတာ ၊မလိုက်ချင်လို့ကြိုးနဲ့တက်ပြေးရင်း ပြုတ်ကျပြီးသေတာ ၊ပြုတ်ကျတဲ့သူက ဆိုင်းတောင်ရပ်ကွက်(၁)ကဟုတ်တယ် လူသေမှဆက်မဖမ်းတော့ဘဲပြန်သွားကြတာ ၊”ဟု ၎င်းမျက်မြင်သက်သေမှ ပြောသည်။
၎င်းသေဆုံးသူမှာ ဆိုင်းတောင်ရပ်ကွက်(၁)မှ အသက်(၂၇)နှစ်အရွယ် ကိုမျိုးလှိုင်ဝင်းဆိုသူဖြစ်ပါသည်။
ဆိုင်းတောင် နမ့်မှော်ကျင်းတွင် ဆိုင်းတောင်ရပ်ကွက် (၃) နှင့် (၅ )မှ အမျိုးသား(၂)ဦး စုဆောင်းရေးပါသွားကြောင်း ၎င်းမှပြောပါသည်။ ဆိုင်းတောင်အောင်စုကျော်ကျင်း ၊နမ့်မှော်၊ကောင်ဆန်၊ တောင်းကော့ရွာ စိန်လုံ တောင်ကြောများအထိ လိုက်လံဖမ်းဆီး၍ စုဆောင်းနေသောကြောင့် ထွက်ပြေးရာမှ ထိခိုက်ဒဏ်ရာရသူများလည်းရှိကြောင်း ထပ်မံ၍ ပြောပြပါသည်။
စက်တင်ဘာ(၂၈)နှင့် (၂၉)ရက်တွင်လည်း မမုံမြေစာပုံတွင် ပြည်သူ (၂၀)ဦးခန့် စုဆောင်းခံရကြောင်း သိရပါသည်။
စက်တင်ဘာ(၂၃)ရက်နေ့တွင်လည်း မှော်စီစာကျေးရွာရှိ တင်အောင်ကြိုင်ကျောက်စိမ်းလုပ်ကွက်ထဲမှ ရေမဆေးသမား(၃၀)ဦးခန့်ဖမ်းဆီးစုဆောင်းခံရပါသည်။
KIA နှင့်နီးစပ်သည့်သူများက ငွေကြေးဖြင့် ပြန်လည်ရွေးထုတ်ရကြောင်း သတင်းရရှိခဲ့ပြီး အမှန်တကယ် ပြန်လည်လွတ်ပေးခြင်းရှိ/မရှိ သေချာစွာမသိရှိရကြောင်း မှော်စီစာကျေးရွာသားတဦးမှ ပြောသည်။
ဖားကန့်မြို့နယ်အတွင်းတွင် မှော်အနှံ့အပြားမှ အရပ်သားပြည်သူများကို KIAနှင့်PDF ပူးပေါင်းတပ်ဖွဲ့များဖက်မှ စက်တင်ဘာလတွင် စုဆောင်းရေးဆက်တိုက်ဆွဲနေပြီး တစ်ပတ်အတွင်းတွင် စုဆောင်းခံရသူ လူဦးရေ(၁၀၀) ခန့် ရှိနေပြီ ဖြစ်ကြောင်း ဒေသခံများဆီမှ သိရသည်။
စက်တင်ဘာလအတွင်းမှပဲ စစ်ကော်မရှင် နှင့် ပြည်သူ့စစ်ပူပေါင်းတပ်မှ ဖားကန့်မြို့ရှိ အရပ်သားများကို လူသားဒိုင်အဖြင့်ဖမ်းဆီးခံရသူ ၁၃ဦးအထက်ရှိခဲ့ပါသည်။
လက်ရှိဖားကန့်မြို့နယ်တွင် KIA ပူပေါင်းတပ်ဖွဲ့ နဲ့ စစ်ကော်မရှင်ပူပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး နေ့စဉ်နဲ့အမျှ ဒရုန်း၊လက်နက်ကြီးများကြောင့် အရပ်သားထိခိုက်သေဆုံးမှုများရှိနေပါသည်။
