စစ်မှုထမ်းဆင့်ခေါ်ခြင်းနှင့်ပတ်သတ်၍လူငယ်များကြားစကားဝိုင်း..

ကချင်ပြည်နယ်။ ၂၁.မတ်လ.၂၀၂၄
ကချင်ပြည်နယ်အတွင်းရှိ မြို့ရွာများတွင် မတ်လဒုတိယအပတ်မှစတင်၍ စစ်မှုထမ်းရန် အုပ်ချုပ်ရေးမှူးမှဆင့်ခေါ်၍ မဲနှိုက်ခိုင်းခြင်းပြုလုပ်လာခြင်းအပေါ် လူငယ်များ၏သဘောထားများနှင့် ပြောဆိုနေကြသည့် ပြောစကားများအကြောင်းတင်ဆက်လိုက်ပါတယ်။
အသက်၁၉နှစ်အရွယ်လူငယ်များ၏စကားဝိုင်းမှ ပထမလူငယ်၏ပြောဆိုမှုမှာ” ကျွန်တော်ကကျောင်းလဲဆက်မတက်နိုင်သေးဘူး၊ နိုင်ငံခြားထွက်ဖို့အိမ်ရဲ့စီးပွားရေးကလဲအဆင်မပြေဘူး၊ အိမ်မှာလဲ အကြီးဆုံး ဖြစ်တယ်၊ ယောက်ျားလေးကလည်း ကျွန်တော်တစ်ယောက်ထဲရှိတာ၊ အဖေကလဲရှိတော့တာမဟုတ်ဘူး၊စစ်မှုထမ်းဖို့‌ခေါ်လာရင်တော့ မလုပ်နိုင်ဘူး၊ဝင်ချင်ဝင် တောထဲပဲဝင်မှာ “ဟုပြောဆိုလာပါတယ်။
ပထမလူငယ်မှာ အာဏာသိမ်းပြီးနောက် ကျောင်းဆက်မတက်တော့ဘဲ အသက်မွေးဝမ်းကျောင်းပညာတခုဖြင့် အမေနှင့်ညီမဖြစ်သူကို စောင့်ရှောက်၍ စားဝတ်နေရေးအတွက်ရုန်းကန်နေသောလူငယ်တဦးဖြစ်ပါတယ်။
ဒုတိယလူငယ်တဦး၏ပြောဆိုမှုမှာ “ကျွန်တော့မှာ ညီအကိုသုံးယောက်ရှိတယ်၊ကျွန်တော်ကိုစစ်မှုထမ်း ဖို့ ခေါ်လာရင် တောထဲဘဲသွားနေတော့မှာ၊စစ်တပ်မှာစစ်မှုထမ်းရင်တော့ သေမှာသေချာတယ်၊ဘယ်နေရာကိုပို့မယ်ဆိုတာလဲမသိရသလို၊လစာပေးမယ်ဆိုတာကလဲမယုံရဘူး၊ မိဘနဲ့ပါအဆက်အသွယ်မလုပ်ရတာမျိုးတွေပါ သူတို့က လုပ်လာနိုင်တယ်၊စစ်တပ်ကိုမယုံလို့ကို စစ်မှုမထမ်းချင်တာ”ဟု ပြောသည်။ ဒုတိယလူငယ်သည် ပုဂ္ဂလိက ရုံးတခုတွင်လုပ်ကိုင်နေသော ဝန်ထမ်းတဦးဖြစ်ပါတယ်။
တတိယလူငယ်၏ပြောဆိုမှုမှာ “ကျွန်တော်က မိဘတွေလဲမရှိတော့ဘူး ၊အ‌ ဒေါ်တွေ အဖွားတွေနဲ့နေနေတာ၊အစ်ကိုကလဲတောထဲရောက်နေပြီ ၊စစ်မှုထမ်းဖို့ခေါ်လာရင် အစ်ကိုရှိတဲ့တောထဲ လိုက်သွားတော့မှာ၊ဒီတော်လှန်ရေးသာမအောင်ရင် ကျွန်တော်တို့လူငယ်တွေရဲ့အနာဂတ်ကတော့ သွားပြီ”၊ဟု ပြောပါတယ်။တတိယလူငယ်သည် အချို‌ရည်ကုမ္ပဏီတခုတွင် အရောင်းဝန်ထမ်းအလုပ်ကိုလုပ်ကိုင်ပြီး ကိုယ့်ဝမ်းကိုယ်ကျောင်းနေသော လူငယ်တဦးဖြစ်တယ်။
စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက်ပိုင်းတွင် လူငယ်အချင်းချင်းကြား အပြန်အလှန်ပြောဆိုဆွေးနွေးမှုတွေ ရှိနေကြပြီး စိတ်မလုံခြုံမှု၊စိုးရိမ်ပူပန်မှု၊ကုန်ဈေးနှုန်းမြင့်မားမှု၏ရိုက်ခတ်မှုဒါဏ်များကြောင့် စစ်ကောင်စီ၏အုပ်ချုပ်မှုအား ယုံကြည်မှုမရှိခြင်း၊‌ ကျေနပ်မှုမရှိခြင်းများရှိနေကြပါတယ်။

Leave a Reply