
စစ်ကောင်စီတပ်ရဲ့ ရှို့မီးကြောင့်မီးထဲပါသွားတဲ့ တာမခံကျေးရွာနှင့် သတင်းမီဒီယာများတွင်ဖော်ပြနိုင်ခြင်းမရှိသော ဖြစ်ရပ်များ
ဖားကန့်မြို့နယ်။
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှစ၍ ဖားကန်မြို့နယ် တာမခံ ကျေးရွာတွင် စစ်ကောင်စီတပ်နှင့် KIA ၊ PDF ပူးပေါင်းတပ်တို့ကြား တိုက်ပွဲများဆက်တိုက်ဖြစ်လာပြီးနောက် စစ်တပ်ဘက်မှ အထိအခိုက်ကျဆုံးမှုများလာသောအခါ တာမခံရွာရှိ အရပ်သားပြည်သူများ၏ နေအိမ်များကို မီးရှို့ ဖျက်စီးခြင်းပြုလုပ်လာပါသည်။ စစ်ကောင်စီတပ်မှ အရပ်သားပြည်သူများ၏ နေအိမ်များမီးရှို့ဖျက်စီးခြင်းများကို နိုင်ငံတကာမှ သိရှိသွားမည်စိုးသောကြောင့် အရပ်သားပြည်သူများအားတစ်ဦးလျှင် ငွေသိန်း20 ကျပ်ပေးပြီး မီးရှို့ခိုင်းခြင်းများပြုလုပ်လာပါသည်။
တာမခံအရပ်သားများ၏ပြောပြချက်အရ အိမ်မီးရှို့တဲ့လူ (၇) ဦးထဲ တွင် တာမခံဒေသခံ (၄) ဦးပါဝင်ပြီး၊ ၎င်း နေအိမ်မီးရှို့မှုတွင် ပါဝင်သူ ဒေသခံ (၄) ဦးထဲတွင် အမျိုးသမီးတစ်ဦးပါဝင်ကြောင်း သိရသည်။
” ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ ကျမတို့ကိုရှောင်ဖို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးပြောလာတဲ့အခါ ပစ္စည်းတွေ နိုင်သလောက်သိမ်းကြတာပေါ့၊ ဒါနဲ့အုပ်ချုပ်ရေးမှူးက သိမ်းမနေနဲ့ စစ်တပ်က သုံးရက်လောက်တိုက်ပြီးရင် အလှံဖြူထောင်ပြီး လက်နက်ချမှာ၊အိမ်တွေလဲမီးမရှို့ဘူးဆိုပြီးပြောလာတယ်၊ကျွန်မတို့လဲ ဆိုင်ကယ်နဲ့ မိုးညှင်းဖက်ပြေးလာကြတာ၊ မိုးညှင်းရောက်ပြီးနှစ်ရက်အကြာ စစ်တပ်ရဲ့ စခန်းတွေသိမ်းခံရပြီးနောက် အိမ်တွေကိုမီးရှို့ကြတော့တာဘဲ၊ ကျွန်မရဲ့ ဆိုင်ဆိုရင် ကချင်ထည်တွေနဲ့ မွေ့ယာတွေ ရောင်းတာဆိုတော့ အိမ်တန်ဖိုးမပါသေးဘဲနဲ့ကို သိန်း1000 ဖိုးလောက်မီးထဲပါသွားတယ် ၊တာမခံပြန်ဖို့ကလဲ နေစရာအိမ်ကမရှိတော့ဘူးဆိုတော့ ဘာဆက်လုပ်ရမှန်းတောင်မသိတော့ဘူး”ဟု တာမခံရွာမှ နေအိမ်မီးရှို့ခံရသူ အမျိုးသမီးကပြောပါသည်။
စစ်ကောင်စီ၏ နေအိမ်မီးရှို့ရန်စေခိုင်းခံရသူ (၇)ဦးထဲမှ နှစ်ဦးအား KIAတပ် မှ ဖမ်းဆီးအပြစ်ပေးခြင်းပြုလုပ်ခဲ့ပြီး (၅)ဦးမှာ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ပါသည်။
တာမခံရွာသားများ၏ ပြောပြချက်အရ “ဒေါ်ခမ်းရင် ကချင်အထည်ဆိုင်ပိုင်ရှင်က နေအိမ်မီးရှို့နေပြီဆိုတဲ့သတင်းကြားကြားချင်မှာပဲ ရပ်ကွက်အုပ်ချုပ်ရေးမှူးကိုဖုန်းဆက်တာတဲ့လေ၊ အိမ်တွေမီးရှို့နေပြီကြားတယ်ဆရာရေ ၊ကျမဆိုင်လေးကို မီးမရှို့ပေးဖို့ပြောပေးပါ၊ သိန်းတစ်ရာပေးပါ့မယ်လို့ ပြောလိုက်တာ၊ သိန်းသုံးရာပေးဆိုလဲပေးမယ်ပေါ့လို့ ဖုန်းဆက်ပြောတော့ အဲ့လိုတားရကောင်းလားဆိုပြီး စစ်ကောင်စီတပ်က ဒေါ်ခမ်းရင်ကချင်ထည်ဆိုင်ကို အရင်ရှို့လို့စမ်း ဆိုပြီး အမိန့်ပေးလို့ ဝိုင်းရှို့ကြတယ်တဲ့၊ အိမ်ကလဲ ဆောက်ထားတာ သုံးလတောင်မပြည့်သေးတော့အဲ့ဒီဆိုင်ရှင်ဆိုရင်ရူးချင်သလိုတောင်ဖြစ်သွားပြီ”ဟု တာမခံကျေးရွာသားများကအခုလို့ပြပြောပါသည်။
ထို့အပြင် အထည်ဆိုင်နှင့် စက်ချုပ်ဆိုင်ဖွင့်ထားသည့် မိန်းကလေးဦး၏ပြောပြချက်အရ “သမီးက စက်ချုပ်ဆိုင်လေးဖွင့်ထားတော့ သင်တန်းသူလေးတွေ လက်ခံထားပြီး လုပ်ငန်းတိုးချဲ့ဖို့ မန္တလေးကနေ ချုပ်စက်နဲ့ ပီတင်စက်တွေမှာပြီးရောက်ထားတာရက်ပိုင်းဘဲရှိသေးတယ်။ မီးထဲအကုန်ပါသွားပြီ၊ အခုတော်တော်ဒုက္ခရောက်နေတယ်”ဟု စက်ချုပ်ဆိုင်နှင့်အထည်ဆိုင်ဖွင့်ထားသူ အသက်(၂၀)အရွယ် မိန်းကလေးကပြောသည်။
၎င်းအပြင် မတ်လ ၂၃ ရက်နေ့တွင် တာမခံမှ မိုးညှင်းသို့ စစ်ရှောင်လာသော လူငယ်တဦးအား ၎င်း ငှားနေသည့်နေအိမ်တွင် စစ်တပ်မှ လာရောက်ဖမ်းဆီးသွားကြောင်း မိုးညှင်းသို့ စစ်ရှောင်လာသော တာမခံဒေသခံတဦးကပြောသည်။
“ကောင်လေးက တာမခံကနေစစ်ရှောင်လာတာ ကျမတို့ အိမ်ငှားနေတဲ့ရပ်ကွက်ထဲမှာပဲ အိမ်ငှားလာနေတာ၊ အိမ်ငှားနေတဲ့သူတွေအကုန်လုံး ဧည့်စာရင်းတိုင်ထားရတော့ အဲ့ကလေးရဲ့ နာမည်နဲ့ လာရှာပြီးဖမ်းသွားတာ၊ ဘာကြောင့်ဖမ်းလဲဆိုတာ မသိရဘူး”ဟု တာမခံမှစစ်ရှောင်ကာ မိုးညှင်းတွင် အိမ်ငှားနေ သူအမျိုးသမီးကပြောသည်။
မီးရှို့ခံထားရသည့် အိမ်မြေနေရာများတွင် လုပ်ငန်းရှင်များမှ ကျောက်စိမ်းတူးဖော်ရန် ကြိုးစားနေကြကြောင်းသိရသည်။
စစ်ကောင်စီတပ်မှ အထိအခိုက်များပြီး အရပ်သားပြည်သူများ၏နေအိမ်များကိုမီးရှို့ခြင်း လေယာဉ်ဖြင့် ဗုံးသီးချခြင်းများဆက်တိုက်ပြုလုပ်လာသောကြောင့် တာမခံကျေးရွာသည် (၇၅%)ရာခိုင်နှုန်း ခန့်ပျက်စီးသွားကြောင်းဒေသခံများပြောပြချက်အရသိရသည်။ တာမခံကျေးရွာ၏ပျက်စီးဆုံးရှုံးမှုတန်းဖိုးအား မသိရသေးကြောင်း သိရသည်။
လက်ရှိ ဖားကန့်မြို့နယ် တာမခံ အခြေအနေသည် တာမခံကျေးရွာအတွင်း ရွှေတူးဖော်မှုများရှိနေပြီး ရွာသားများသည် မိမိတို့၏ နေအိမ် မီးရှို့ခံရပြီး ကျန်ရှိနေသည့် ပစ္စည်းအပိုင်းအစများကို အမြန်သိမ်းယူပြီး မိမိတို့တိမ်းရှောင်နေသော စစ်ရှောင်စခန်းကိုသာ ပြန်လည်နေထိုင် နေကြရပါသည်။ တာမခံရွာသားများအနေဖြင့် မိမိတို့၏ နေရပ်တွင် ပြန်လည်နေထိုင်ချင်သော်လည်း စစ်ကောင်စီတပ်၏ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုများကို စိုရိမ်းနေရပါသည်။
