မိုးညှင်း – မြစ်ကြီးနား မီးရထားခရီးစဉ် ဇူလိုင် ၂၁ ရက်မှ ပြန်လည်ပြေးဆွဲမည် ဟုဆိုသော်လည်း လုံခြုံရေးနှင့် ဈေးနှုန်းအပေါ် ပြည်သူများ စိုးရိမ်နေဆဲ”
ကချင်ပြည်နယ်၊ ဇူလိုင်လ၊ ၂၀၂၆။
ကချင်ပြည်နယ် မိုးညှင်းမြို့မှ မြစ်ကြီးနားမြို့အထိ မီးရထားခရီးစဉ်ကို ဇူလိုင် ၂၁ ရက်နေ့မှ စတင်ပြေးဆွဲသွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ဝန်ကြီးဌာန၏ ရက် ၁၀၀ စီမံကိန်းအရ ကချင်ပြည်နယ်အတွင်း ပျက်စီးခဲ့သည့် မီးရထားလမ်းပိုင်းများကို ပြုပြင်မွမ်းမံခဲ့ပြီး ဇူလိုင်လမကုန်မီ ခရီးစဉ်များ ပြန်လည်ပြေးဆွဲနိုင်ရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မီးရထားလက်မှတ်ခ နှုန်းထားများကိုလည်း တရားဝင်ထုတ်ပြန်ထားပြီးဖြစ်သည်။
သို့သော် ပြည်သူများက မီးရထားပြန်လည်ပြေးဆွဲခြင်းကို ကြိုဆိုကြသော်လည်း လက်မှတ်ခနှုန်းထား မြင့်တက်လာခြင်းနှင့် လမ်းခရီးလုံခြုံရေးအခြေအနေများအပေါ် စိုးရိမ်မှုများ ဆက်လက်ရှိနေကြောင်း ပြောဆိုကြသည်။
“အာဏာမသိမ်းခင်က မိုးညှင်း–မြစ်ကြီးနား မီးရထားလက်မှတ်က ၃,၅၀၀ ကျပ်ပဲ ရှိခဲ့တယ်။ အခုတော့ ၂၅,၀၀၀ ကျပ် အထိ တော်တော်လေး ဈေးတက်သွားတယ်။ ဝင်ငွေနည်းတဲ့သူတွေအတွက် အခက်အခဲဖြစ်လာနိုင်တယ်” ဟု ခရီးသွားပြည်သူတစ်ဦးက ပြောသည်။
မိုးကောင်း–မြစ်ကြီးနား မီးရထားခရီးစဉ်ကို ၂၀၂၅ ခုနှစ် နှောင်းပိုင်းကတည်းက ပြန်လည်ပြေးဆွဲခဲ့သော်လည်း လုံခြုံရေးအခြေအနေများအပေါ် စိုးရိမ်မှုများကြောင့် ခရီးသည်အသုံးပြုမှု နည်းပါးခဲ့ကြောင်း ဒေသခံများက ဆိုသည်။
ထို့ပြင် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးအစပိုင်းတွင် မိုးညှင်းမှ မြစ်ကြီးနားသို့ လိုင်းကားဖြင့် သွားရောက်ပါက တစ်ဦးလျှင် ကျပ် ၁၈,၀၀၀ ခန့်သာ ကုန်ကျခဲ့သော်လည်း လက်ရှိတွင် ကျပ် ၉၅,၀၀၀ ခန့်အထိ မြင့်တက်လာသဖြင့် အလုပ်အကိုင်၊ ကျန်းမာရေးဝန်ဆောင်မှု၊ ပညာရေးနှင့် မိသားစုရေးရာကိစ္စများအတွက် ခရီးသွားလာရသည့် ပြည်သူများအပေါ် ဝန်ထုပ်ဝန်ပိုး ပိုမိုကျရောက်စေကြောင်း ခရီးသွားများက ပြောသည်။
လူ့အခွင့်အရေးရှုထောင့်မှကြည့်လျှင် သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုများ ပြန်လည်လည်ပတ်လာခြင်းသည် ပြည်သူများ၏ လွတ်လပ်စွာ သွားလာခွင့်ကို အထောက်အကူပြုနိုင်သည့် အပြုသဘောဆောင်သော ခြေလှမ်းတစ်ရပ်ဖြစ်သည်။ သို့သော် အဆိုပါဝန်ဆောင်မှုသည် အမှန်တကယ် အကျိုးရှိစေရန် ‘လုံခြုံစိတ်ချရမှု၊ ဈေးနှုန်းတတ်နိုင်မှုနှင့် လူတိုင်း လက်လှမ်းမီအသုံးပြုနိုင်မှု’ တို့ကိုလည်း အာမခံနိုင်ရန် လိုအပ်ကြောင်း လူ့အခွင့်အရေးလေ့လာသူများက သုံးသပ်ကြသည်။
လက်ရှိအခြေအနေတွင် မီးရထားပြန်လည်ပြေးဆွဲခြင်းသည် သွားလာရေးရွေးချယ်ခွင့်တစ်ခုကို ပြန်လည်ဖန်တီးပေးနိုင်သော်လည်း လုံခြုံရေးစိုးရိမ်မှုများနှင့် သယ်ယူပို့ဆောင်ရေးစရိတ် မြင့်တက်နေခြင်းတို့ကြောင့် ဝင်ငွေနည်းပြည်သူများ၏ ‘လွတ်လပ်စွာ သွားလာခွင့် (Freedom of Movement)’ နှင့် ‘အများပြည်သူဝန်ဆောင်မှုများကို လက်လှမ်းမီခွင့် (Accessibility)’ အပေါ် စိန်ခေါ်မှုများ ဆက်လက်ရှိနေဆဲဖြစ်ကြောင်း ပညာရှင်တစ်ဦးက ယခုလိုသုံးသပ်ပါတယ်။

Leave a Reply