ဇူလိုင်လ ပထမပတ်အတွင်း ဖြစ်ပွားခဲ့သော လူ့အခွင့်အရေးချိုးဖောက်ခံရမှု ဖြစ်စဉ်များနှင့် အခြား ထူးခြားဖြစ်စဉ်သတင်းများ’
ကချင်ပြည်နယ်။ ဇူလိုင်လ၊ ၉ ၊ ၂၀၂၆
ဇူလိုင်လ ပထမပတ်တွင် ကချင်ပြည်နယ်၌ လုယက်မှု၊ ခိုးမှုနှင့် တိုက်ပွဲဖြစ်စဉ်များ ဆက်လက်ဖြစ်ပွားနေသလို မြစ်ကြီးနား ဗန်းမော်လမ်းပေါ်ရှိ နမ်ဆန်ယာန်ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် အုပ်စုဖွဲ့ဓားပြတိုက်မှု ဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာ အာဏာပိုင်များကို တိုင်ကြားထားသော်လည်း ကျူးလွန်သူများကို ယနေ့အချိန်ထိ ဖမ်းဆီးရမိခြင်းမရှိသေးကြောင်းသိရသည်။ ထို့အပြင် ပူတာအိုမြို့နယ်အတွင်း နေအိမ်ဖောက်ထွင်းခိုးယူမှုများ ပိုမိုများပြားလာပြီး တစ်ပတ်လျှင် ၅ ကြိမ်ခန့် ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။ ဒုတ္တန်ရပ်ကွက်၊ ဂျူပလီ၊ ဇီဒမ်း၊ ဆားရ်ခွမ်ဒမ်းနှင့် စာရိတ္တကျေးရွာများအပါအဝင် နေရာအများအပြားတွင် အိမ်ရှင်မရှိချိန်များကို အဓိကထား အခွင့်ကောင်းယူ၍ ဖြစ်ပွားနေပြီး ငွေကျပ်သိန်း ၇၀၀ ခန့်ခိုးယူခံရသည့် ဖြစ်စဉ်ရှိခဲ့ကြောင်း သိရသည်။
တစ်ချိန်တည်းတွင် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအစပ်ဒေသများ၌ တိုက်ပွဲများ ဆက်လက်ပြင်းထန် နေပြီး အင်းတော်၊ မဲဇာကြား မြစ်ကြီးနား – မန္တလေး ပြည်ထောင်စုလမ်းမကြီးပေါ်တွင် စစ်ကောင်စီတပ်၏ စစ်ကြောင်းလှုပ်ရှားမှုများကြောင့် တိုက်ပွဲများ ဖြစ်ပွားနေပြီး ခရီးသွားပြည်သူများအနေဖြင့် သတိထားသွားလာရန် လိုအပ်နေကြောင်း ဒေသခံများကြား အသိပေးမှုများရှိနေသလို ရွှေကူမြို့နယ်နှင့် ကသာမြို့နယ် အစပ်ဒေသ များတွင်လည်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က Y-12 နှင့် ဂျက်တိုက်လေယာဉ်များ အသုံးပြု၍ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း သိရသည်။ တိုက်ပွဲများကြောင့် ဒီကြားထဲ လမ်းပိတ်ဆို့ကာ ခရီးသွားပြည်သူများနှင့် ဒေသခံများကြား အခက်အခဲဖြစ်နေသည်။ တစ်ဖက်တွင်လည်း KIA နှင့် ပူးပေါင်းတပ်များ၏ ထိုးစစ်များကြောင့် နယ်မြေအချို့ဆုံးရှုံးထားသည့် စစ်ကောင်စီတပ်သည် ကချင်စစ်မျက်နှာတွင် တန်ပြန်ထိုးစစ်ဆင်နိုင်ရန် လူအင်အား၊ လက်နက်နှင့် ရိက္ခများ ဖြည့်တင်းနေကြောင်း သိရပြီး ဗန်းမော်၊ ရွှေကူ၊ အင်းတော် နှင့် မော်လူးဒေသများတွင် စစ်ရေးတင်းမာမှုများ ဆက်လက်မြင့်တက်လာနိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။
အလားတူ ဇူလိုင်လ ပထမပတ်အတွင်း စစ်ကောင်စီဘက်မှ မြစ်ဆုံရေအားလျှပ်စစ်စီမံကိုန်း ပြန်လည် အကောင်အထည်ဖော်ရေးနှင့် ငြိမ်းချမ်းရေးဖိတ်ခေါ်မှုဆိုင်ရာ သတင်းထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့သည်။ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူက အာဏာသိမ်းခေါင်းဆောင်၏ တရုတ်နိုင်ငံရေးခရီးစဉ်အတွင်း မြစ်ဆုံစီမံကိန်း ပြန်လည်စတင်နိုင်ရေး ဆွေးနွေးခဲ့ကြောင်းနှင့် စီမံကိန်းအကောင်အထည်ဖော်ပါက လျှပ်စစ်ဓတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မည်ဟု ပြောဆိုခဲ့သည်။ ထို့ပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား ငြိမ်းချမ်းရေးဆွေနွေးပွဲသို့ ဖိတ်ခေါ်ထားပြီး ဖိတ်ခေါ်မှုကို လက်မခံပါက လုပ်သင့်လုပ်ထိုက်သည်များကို ဆက်လက်လုပ်ဆောင်မည်ဟု ပြောကြားခဲ့သည်။ ယင်းအပေါ် KIO/KIA ဘက်မှ တစ်နိုင်ငံလုံးကို လွှမ်းခြုံနိုင်ပြီး အားလုံးပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲမျိုး ဖြစ်ပါက ပါဝင်ဆွေးနွေးရန် အသင့်ရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ သို့သော် မြေပြင်တွင် စစ်ဆင်ရေးများ၊ လေကြောင်းတိုက်ခိုက်မှုများနှင့် အရပ်သားများ ထိခိုက်သေဆုံးမှုများ ဆက်လက်ရှိနေခြင်းကြောင့် စစ်ကောင်စီ၏ ပြောဆိုချက်များနှင့် လက်တွေ့အခြေအနေများသည် ကွာဟချက်များရှိနေကြောင်း KIO/KIA က ထောက်ပြခဲ့သည်။ KIO/KIA ၏ ထုတ်ပြန်ချက်အရ ဇွန်လအတွင်း KIA ထိန်းချုပ်နယ်မြေများတွင် တိုက်ပွဲ ၆၅ ကြိမ်ခန့် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ လေကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။
နိုင်ငံတကာအနေဖြင့်လည်း မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခနှင့် လူသားချင်းစာနာမှုအခြေအနေများအပေါ် စိုးရိမ်မှုများ ဆက်လက်ဖော်ပြလျက်ရှိသည်။ ပဋိပက္ခဆိုင်ရာ အချက်အလက်စောင့်ကြည့်ရေးအဖွဲ့ ( ACLED ) က ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် လူပေါင်း ၁၀၀,၀၀၀ ကျော် သေဆုံးခဲ့ကြောင်း ထုတ်ပြန်ခဲ့ပြီး မြန်မာ့ပဋိပက္ခသည် ကမ္ဘာပေါ်တွင် လက်နက်ကိုင်အဖွဲ့ အစည်းများ အများဆုံးပါဝင်သည့် ပဋိပက္ခများထဲမှ တစ်ခုဖြစ်ကြောင်း ဖော်ပြခဲ့သည်။ ထို့အပြင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ( UNHCR ) က စစ်အာသိမ်းပြီးနောက် နေရပ်စွန့်ခွာ ထွက်ပြေးရသူ အရေအတွက် ၃.၅ သန်းအထိ မြင့်တက်လာပြီး လူသားချင်းစာနာမှု အကူအညီများ အရေးတကြီးလိုအပ်နေဆဲဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ထို့အပြင် ရွှေကူမြို့နယ်တွင် စစ်ရေးတင်းမာမှုများ မြင့်တက်လာမှုကြောင့် အရပ်သားပြည်သူများအပေါ် သက်ရောက်မှုများ ပိုမိုပြင်းထန်လာနေပြီး KIA ဘက်မှ ယာယီရွှေ့ပြောင်းရန် သတိပေးချက်ထုတ်ပြန်ခဲ့သလို တစ်ဖက်တွင် စစ်ကောင်စီဘက်မှလည်း ဒေသတွင်းသာ နေထိုင်ရန် တိုက်တွန်းမှုများရှိခဲ့ကြောင်း သိရသည်။ ယင်းအခြေအနေများကြောင့် ဒေသခံများသည် လက်နက်ကြီးဒဏ် နှင့် လေကြောင်းတိုက်ခိုက်မှုအန္တရယ် များ ကြား လုံခြုံရာသို့ ရွှေ့ပြောင်းရန် အခက်အခဲများဖြင့် ရင်ဆိုင်နေရသည်။ ထို့အပြင် မြန်မာနိုင်ငံတွင် အသုံးပြုနေသည့် Starlink ဂြိုလ်တုအင်တာနက်စက်အချို့ကို ဝန်ဆောင်မှုခွင့်ပြုချက်မရှိသည့် နေရာများမှ အသုံးပြုနေခြင်းကြောင့် ပိတ်ပင်ခံနေရကြောင်း သိရှိရပြီး ထိုသို့ အင်တာနက် ဖြတ်တောက်မှုများကြောင့် Starlink ကိုသာ အားထား အသုံးပြုနေသည့် ဒေသပြည်သူလူထုများနှင့် အဖွဲ့အစည်းများအကြား စိုးရိမ်မှုများ မြင့်တက်လာနေကြောင်း သိရသည်။
ယခုတစ်ပတ်အတွင်း ဖြစ်ပွားခဲ့သော ဖြစ်စဉ်များက ကချင်ပြည်နယ်တွင် တရားဥပဒေစိုးမိုးရေး အားနည်းမှု၊ အရပ်သားလုံခြုံ‌ရေး စိုးရိမ်ချက်များနှင့် လူသားချင်းစာနာမှုဆိုင်ရာ စိန်ခေါ်မှုများ ဆက်လက်ရှိနေကြောင်း ဖော်ပြနေသလို အထူးသဖြင့် တိုက်ပွဲများနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားများ၏ အသက်ရှင်သန်ခွင့် ၊ လုံခြုံစွာ နေထိုင်ခွင့်နှင့် လွတ်လပ်စွာ သွားလာခွင့်များအပေါ် သက်ရောက်မှုများ မြင့်တက်လာနေပြီး ဤ ပဋိပက္ခတွင် ပါဝင်သည့် အဖွဲ့အားလုံးအနေဖြင့် အရပ်သားကာကွယ်ရေးကို ဦးစားပေးဆောင်ရွက်ရန် လိုအပ်ကြောင်း ပညာရှင်တစ်ဦးက ယခုလိုသုံးသပ်ပါတယ်။

Leave a Reply