မေလဒုတိယအပတ်အတွင်း ဖြစ်ပွားခဲ့သော လူ့အခွင့်အရေး ချိုးဖောက်ခံရမှုဖြစ်စဉ်များနှင့် အခြားထူးခြားဖြစ်စဉ်သတင်းများ’
ကချင်ပြည်နယ်။ ၁၈၊မေလ၊၂၀၂၆
လက်ရှိတွင် ကချင်ပြည်နယ်၏ သတင်းအခြေအနေများကို ကြည့်မည်ဆိုပါက မေလဒုတိယအပတ်အတွင်း လက်နက်ပိုင်ပဋိပက္ခများ၊ မတရားဖမ်းဆီးမှုများ၊ ခိုးဆိုးလုယက်မှုများ နှင့် အရပ်သားထိခိုက်သေကြေဆုံးရှုံးမှု ဖြစ်စဉ်များ ဆက်လက်ဖြစ်ပွားနေဆဲကို တွေ့ရပြီး ဒေသတွင်းလုံခြုံရေးနှင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုအခြေအနေများ ပိုမိုဆိုးရွားလာနေကြောင်း တွေ့ရှိရသည်။ တစ်ချိန်တည်းတွင် နိုင်ငံရေးနှင့် နိုင်ငံတကာအဆင့်ထုတ်ပြန်ချက်များလည်း ဆက်လက်ထွက်ပေါ်နေပြီး အရပ်သားကာကွယ်မှုနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စိုးရိမ်မှုများ မြင့်တက်လာနေသည်ကိုလည်း တွေ့ရပါတယ်။
လူ့အခွင့်အရေးချိုးဖောက်ခံရမှုဖြစ်စဉ်များတွင် မြစ်ကြီးနားမြို့၌ ဆေးကုသခွင့်လိုင်စင်မရှိဘဲ အထူးကုဆရာဝန်အဖြစ် ဟန်ဆောင်ကာ ဆေးခန်းဖွင့်လှစ်ခဲ့သူတစ်ဦးကို အာဏာပိုင်များက ဖမ်းဆီးစစ်ဆေးခဲ့ပြီး လက်ရှိတွင် ၎င်းအား တရားစွဲဆိုရန်ပြင်ဆင်နေပြီး အဆိုပါဆေးခန်းကိုလည်း အပြီးပိတ်သိမ်းခဲ့ကြောင်း သတင်းရင်းမြစ်များက ဖော်ပြထားသည်။ ထိုဖြစ်စဉ်ကြောင့် လူနာအချို့၏ ကျန်းမာရေးထိခိုက်မှုများနှင့် ကျောင်းဆရာမ(၁)ဦး သေဆုံးမှုရှိခဲ့ကြောင်း ဒေသခံများက ပြောဆိုထားပြီး ယင်းကဲ့သို့ အတုအယောင်ဆေးကုသမှုများသည် ပြည်သူများ၏ အသက်ရှင်သန်ခွင့်နှင့် ကျန်းမာရေးအခွင့်အရေးများအပေါ် တိုက်ရိုက်ထိခိုက်နေကြောင်း တွေ့ရသည်။ ထို့အပြင် သက်ဆိုင်ရာအာဏာပိုင်များ၏ ကျန်းမာရေးစောင့်ကြည့်ထိန်းချုပ်မှုစနစ်အားနည်းမှုအပေါ်တွင်လည်း ဒေသခံများအကြား အချင်းချင်း စိုးရိမ်မှုများ မြင့်တက်နေသည်။
အလားတူပင် မိုးကောင်းမြို့နယ် အင်ကြင်းကုန်းကျေးရွာတွင် ရှမ်းနီအမျိုးသားတပ်မတော် (SNA ) က ဘုန်းကြီးကျောင်းအတွင်း တပ်စွဲရန်ခွင့်မပြုခဲ့သည့် ကျောင်းထိုင်ဘုန်းကြီးတစ်ပါးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။ ယင်းဖြစ်စဉ်သည် ဘာသာရေးလွတ်လပ်ခွင့်နှင့် ဘာသာရေးအဆောက်အအုံများ၏ လုံခြုံမှုအပေါ် ထိခိုက်စေနိုင်သည့်အပြင် လက်နက်ကိုင်အဖွဲ့များအနေဖြင့် အရပ်သားနှင့် ဘာသာရေးနယ်ပယ်များကို စစ်ရေးပဋိပက္ခအတွင်း ဆွဲသွင်းနေခြင်းသည် အရပ်သားနှင့် ဘာသာရေးဆိုင်ရာနေရာများကို စစ်ရေးအသုံးချမှုမှ ကင်းဝေးစေရန် ပြဌာန်းထားသည့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဥပဒေ ( IHL ) ၏ အခြေခံစံနှုန်းများအပေါ် စိုးရိမ်ဖွယ်သက်ရောက်မှုများ ဖြစ်ပေါ်စေနိုင်သည်။
ထို့နောက် လုံခြုံရေးနှင့် ပိုင်ဆိုင်မှုအခွင့်အရေးချိုးဖောက်မှုများအနေဖြင့် မေလ ၁၀ ရက်နေ့၌ ဆိုင်ကယ်နှင့် ဖုန်းလုယက်မှုများ မြစ်ကြီးနားမြို့တွင် ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ဒေသခံများ၏ လုံခြုံရေးအပေါ် စိုးရိမ်မှုများ ပိုမိုမြင့်တက်လာသည်ကို တွေ့ရသည်။ လုယက်သူများထဲတွင် အချို့သည် ရဲဝတ်စုံနှင့်ဆင်တူသော အဝတ်အစားများ ဝတ်ဆင်ကာ လမ်းသွားလမ်းလာပြည်သူများကို ခြိမ်းခြောက်လုယက်ခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များက ဖော်ပြခဲ့ကြပြီး ယင်းကဲ့သို့ လက်နက်ပြခြိမ်းခြောက်မှုများသည် ပြည်သူများ၏ လွတ်လပ်စွာသွားလာခွင့်နှင့် ပိုင်ဆိုင်မှုအခွင့်အရေးများကို ဆိုးရွားစွား ထိခိုက်လာစေနေပါတယ်။
ထို့ပြင် ဖားကန့်ဒေသတွင် စစ်ကြောင်းထိုးဝင်ရောက်လာသည့်တပ်ဖွဲ့များက နေအိမ်များ၊ ဟိုတယ်များနှင့် ဆီဆိုင်များကို ဝင်ရောက်စီးနင်းကာ ငွေကြေးနှင့် တန်ဖိုးရှိပစ္စည်းများကို အတင်းအဓမ္မယူဆောင်သွားပြီး ထိုသို့လုယူစဉ် ပြည်သူများအား သေနတ်ထောက်ခြိမ်းခြောက်မှုများလည်း ဖြစ်ပေါ်ခဲ့ပြီး လမ်းသွားလမ်းလာပြည်သူများထံမှလည်း ဖုန်းအမျိုးအစားများကို စစ်ဆေးကာ ဆိုင်ကယ် နှင့် လက်ဝတ်ရတနာများကို သိမ်းယူခဲ့ကြောင်း သတင်းများတွင်ဖော်ပြထားကြသည်။ ပိုမိုဆိုးရွားလာသည့် စစ်ရေးလှုပ်ရှားမှုများအတွင်း ဒရုန်းတိုက်ခိုက်မှုကြောင့် အရပ်သား(၁)ဦး သေဆုံးပြီး ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းသည် အရပ်သားကာကွယ်မှုအပေါ် အလွန်အမင်းစိုးရိမ်ဖွယ်ရာ အခြေအနေတစ်ရပ်ကို ဖော်ပြနေပါတယ်။
စစ်ရေးအခြေအနေအနေဖြင့် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အား KIA ပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများရှိပြီး စစ်ကြောင်းပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။ တစ်ဖက်တွင် ဖားကန့်မြို့မရှီကထောင်ဆုတောင်းကုန်းရှိ စစ်တပ်စခန်းကိုလည်း KIA ပူးပေါင်းတပ်များက ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ရာ စစ်သား (၅)ဦး သေဆုံးခဲ့ကြောင်း စစ်ရေးသတင်းရင်းမျာတွင် ဖော်ပြထားကြပါတယ်။
နိုင်ငံရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ ( NUG ) က စစ်အုပ်စု၏ နိုင်ငံရေးတရားဝင်မှုရရှိရန် ကြိုးပမ်းမှုများကို အသိအမှတ်မပြုရန် နိုင်ငံတကာအသိုင်းအဝိုင်းအား တိုက်တွန်းခဲ့သည်။ ထို့ပြင် ကုသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ကလည်း မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှုအကျပ်အတည်းများ ပိုမိုဆိုးရွားလာကြောင်း ထောက်ပြကာ နိုင်ငံတကာအကူအညီများ တိုးမြှင့်ရန် တောင်းဆိုခဲ့သည်။ ယင်းထုတ်ပြန်ချက်များသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်းနှင့် လူသားချင်းစာနာမှုအခြေအနေများအပေါ် နိုင်ငံတကာစိုးရိမ်မှုများ ဆက်လက်မြင့်တက်နေကြောင်း ဖော်ပြနေသည်။
နိုင်ငံတကာတုံ့ပြန်ချက်များအနေဖြင့် အာဆီယံပါလီမန်အမတ်များအဖွဲ့ ( APHR ) က မြန်မာစစ်အုပ်စုသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ယုံကြည်စိတ်ချရမှု မရှိကြောင်း သတိပေးခဲ့သည်။ ထို့အတူ အာဆီယံဘုံသဘောတူညီချက် ( ၅ ) ရပ်ကို ဆက်လက်အတည်ပြုထားသော်လည်း အကောင်အထည်ဖော်မှုတွင် တိုးတက်မှုနည်းပါးနေခြင်းအပေါ် စိုးရိမ်မှုများလည်း ထုတ်ဖော်ထားပါတယ်။ ယင်းတုံ့ပြန်ချက်များသည် မြန်မာ့ အရေးအပေါ် ဒေသတွင်းနှင့် နိုင်ငံတကာအဆင့်တွင် မတူကွဲပြားသည့် ချဉ်းကပ်မှုများ ဆက်လက်ရှိနေကြောင်း ဖော်ပြနေသည်။
အခြားထူးခြားဖြစ်စဉ်အနေဖြင့် စစ်ရေးလှုပ်ရှားမှုများအတွက် လေယာဉ်ဆီနှင့် စွမ်းအင်ထောက်ပံ့မှုများ နှင့် ပတ်သက်၍ အထူးသဖြင့် အိမ်နီးချင်း တရုတ်နှင့် ထိုင်းနိုင်ငံတို့သည် စစ်အုပ်စုနှင့် စီးပွားရေးဆက်ဆံမှုများမှတစ်ဆင့် သွယ်ဝိုက်အားဖြည့်နေကြောင်း စွပ်စွဲသုံးသပ်မှုများရှိနေပြီး ယင်းဖြစ်စဉ်သည် ပဋိပက္ခကို သွယ်ဝိုက်အားဖြည့်ပေးကာ ဒေသတွင်း အရပ်သားလုံခြုံရေးနှင့် လူ့အခွင့်အရေးအခြေအနေများကို ပိုမိုရှုပ်ထွေးစေနိုင်ကြောင်းလည်း တွေ့ရသည်။
အချုပ်အားဖြင့်ဆိုရသော် မေလဒုတိယအပတ်အတွင်း ကချင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော ဖြစ်စဉ်များသည် အရပ်သားထိခိုက်မှုများ ဆက်လက်မြင့်တက်နေပြီး လူ့အခွင့်အရေးအခြေအနေများကို ဆိုးရွားစွာ ထိခိုက်လာနေကြောင်းဖော်ပြနေသည်။ တစ်ချိန်တည်းတွင် နိုင်ငံရေးနှင့် နိုင်ငံတကာတုံ့ပြန်မှုများ ဆက်လက်ရှိနေသော်လည်း မြေပြင်အခြေအနေများတွင် အရပ်သားများ၏ အသက်ရှင်သန်ခွင့်၊ လုံခြုံရေးနှင့် ပိုင်ဆိုင်မှုအခွင့်အရေးများအပေါ် ဖိအားများ ဆက်လက်မြင့်တက်နေဆဲဖြစ်ကြောင်း လူ့အခွင့်အရေးပညာရှင်တစ်ဦးက သုံးသပ်ထားပါတယ်။
