ဇွန်လ သုံးပတ်အတွင်း အရပ်သားလူ့အခွင့်အရေးချိုးဖောက်မှု နဲ့ အခြားထူးခြားဖြစ်စဉ်
ကချင်ပြည်နယ်။ ၂၃၊ဇွန်လ၊၂၀၂၆
ဇွန်လ သုံးပတ်အတွင်း လေကြောင်း ၊ သေနတ်ကြီး နဲ့ မြေမြုပ်မိုင်းကြောင့် အရပ်သား ၁၀ ဦးသေဆုံးခဲ့ပြီး ၂၀ ဦးကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဇွန်လ ၁၉ ရက်နေ့တွင် အသက် ၄၂နှစ် အရွယ် ဦးစိုင်းဆန်ဟောင်းဆိုသူက ဇနီး နဲ့အတူ ဝိုင်းမော်မြို့နယ် ၊မဒိန်ကျေးရွာဘက် မျှစ်သွားချိုးရာ မြေ မြုပ်မိုင်းနှင်းမိကာ ညာဘက်ခြေကျင်းဝတ်ပြတ်ပြီး လက်မောင်းမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
၎င်းတို့ ဇနီးမောင်နှံသည် ဝါရှောင်ကျေးရွာအုပ်စု ၊ လွယ်ဂျော်ဇာတိမှ ဖြစ်ပြီး သားသမီး ၄ ဦး နဲ့အတူ ဝိုင်းမော်မြို့ရှိ ဆွေမျိုးအိမ်တွင် စစ်ရှောင်ရင်းနေထိုင်နေသူဖြစ်ပါတယ်။
တစ်ဆက်တည်းမှာဘဲ ဇွန်လ ၁၉ ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင်တပ်က ဖားကန့်ဗျူဟာကုန်းပေါ်မှ လက်နက်ကြီး ရမ်းသမ်းပစ်ခိုက်မှုကြောင့် ဆိပ်မှုကျေးရွာ ရပ်ကွက်(၃)ရှိ အေးရှားအော်တိုကားဝပ်ရှော့စက်ရုံထဲ ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသား ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
လက်ရှိ ရွှေကူမြို့တွင် KIAပူးပေါင်းတပ် နဲ့ စစ်ကော်မရှင် ပူးပေါင်းတပ်တို့ကြားနေ့တိုင်းနီးပါး တိုက်ပွဲများဖြစ်ပွားနေကာ စစ်တပ်ဘက်မှ လေကြောင်း၊ ဒရုန်း လက်နက်ကြီးများ အသုံးပြုတိုက်ခိုက်နေပြီး မြေပြင် ထိုးစစ်ဆင်မှုများ ပြုလုပ်နေပါတယ်။ စစ်ကော်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားများ ထိခိုက်သေဆုံးမှုတွေလည်းရှိနေပါတယ်။
ဇွန်လ ၁၇ရက်နေ့တွင် ရွှေကူမြို့ ကုန်ခမ်းရပ်ကွက် နဲ့ ရွာသစ်ကုန်းရွာမှာရှိတဲ့ လူနေအိမ်နှစ်အိမ်ပေါ် လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး သားအမိ နှစ်ဦး သေဆုံးခဲ့ပါတယ်။
ထို့အပြင် ဇွန်လ ၁၅ ရက်နေ့ တွင်လည်း ရွှေကူ ကိုင်းရွာအနောက်ဘက်မှာရှိတဲ့ ရွှေမျောလုပ်ငန်းနေရာတွင် စစ်တပ်မှ လေကြောင်းတိုက်ခိုက်မှုကြောင့် ရွှေမျော လုပ်သားများ နဲ့ စားဖိုးမှူး အပါအဝင်အယောက် ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်တပ်က ရွှေကူ မြို့ဝင်လမ်းပိုင်းတွေမှာ မြေမြုပ်မိုင်း ထောင်ထားမှုကြောင့် ဇွန်လ ၁၇ရက်နေ့ စီသာ ကျေးရွာတွင် အမျိုးသား တစ်ဦး မိုင်းနှင်းမိပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်နေ့ တွင် ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ရွာတွင် စစ်ကောင်စီ စစ်ကြောင်းက အရပ်သား ၅ ဦးကို ထောက်ပို့ဟု စွပ်စွဲပြီး သတ်ဖြတ်ခဲ့ပါတယ်။ ၎င်းသတ်ဖြတ်ခံရမှုတွင် အမျိုးသမီး ၁ ဦး နဲ့ အမျိုးသား ၄ ဦးပါဝင်ခဲ့ပါတယ်။ ထို့အပြင် အရပ်သားအချို့ ဖမ်းဆီးခံရမှုတွေလည်းရှိနေပါတယ်။
ဇွန်လ ၄ ရက်နေ့တွင်လည်း ရွှေကူ စီတာကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မန္တလေးမှ တက်လာသော ဂျက်ဖိုက်တာ ပေါင် ၅၀၀ဗုံး ၄ကြိမ် ကြဲကျမှုကြောင့် အရပ်သား(၃)ဦးသေဆုံးပြီး လူနေအိမ်များအပါ တိုက်နယ်ဆေးရုံးထိခိုက်ပျက်စီးခဲ့ပါတယ်။
အာဏာသိမ်း မင်းအောင်လှိုင်သည် တရုတ်နိုင်ငံ အစိုးရ ရဲ့ ဖိတ်ကြားချက်အရ ဇွန်လ တတိယပတ်အတွင်း တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ပြီး သမ္မတ ရှီကျင့်ဖျင် နဲ့ တွေ့ခဲ့ကာ လုံခြုံးရေး၊ စီးပွားရေး၊ ကုန်သွယ်ရေးတိုးချဲ့ဖို့၊ အခြေခံအဆောက်အအုံ၊ ဖွံ့ဖြိုးရေးစီမံကိန်း အပြင် ယဉ်ကျေးမှု၊ မီဒီယာကဏ္ဍနဲ့ တရုတ်ရဲ့ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး(GSI)၊ ဖွံ့ဖြိုးတိုးတက်ရေး (GDI) နဲ့ ယဉ်ကျေးမှု အစီစဉ်တွင်ပူးပေါင်းပါဝင်ဖို့ ၁၈ ချက်ကို နာလည်မှုစာချွန်လွှာ MOU ရေးထိုးခဲ့ပါတယ်။
တရုတ်နိုင်ငံက စစ်ကော်မရှင်အုပ်စုကို စစ်လက်နက်ရောင်းချပေးခြင်း၊ ဦးမင်းအောင်လှိုင်ကို ဖိတ်ခေါ်တွေ့ဆုံမှုဟာ စစ်တပ်ရဲ့ စစ်ရာဇဝတ်မှု ကျူးလွန်မှုကို သွယ်ဝိုက်ပါဝင် ပက်သက်နေတာပဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လပထမပတ်တွင်လည်း အာဏာသိမ်း သမ္မတဦးမင်းအောင်လှိုင်သည် ပထမဆုံးပြည်ပခရီးစဥ်အဖြစ် အိန္ဒိယနိုင်ငံကို သွားရောက်ခဲ့စဉ် ဝန်ကြီးချုပ် မိုဒီ နဲ့တွေ့ဆုံခဲ့ကာ နှစ်နိုင်ငံနယ်စပ် လုံခြုံရေးနှင့် ကုန်သွယ်ရေးကိစ္စ၊ မြေရှားသတ္တုတူးဖော်ရေး၊ ကုန်သွယ်ရေး၊ ပင်လယ်ရေကြောင်းလုံခြုံရေး၊ ဆိုက်ဘာလုံခြုံရေး ကဏ္ဍများတွင် အနီးကပ်ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီနိုင်ခဲ့သည်ဟု အိန္ဒိယဝန်ကြီးချုပ် မိုဒီက ဇွန်လ ၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့ပါတယ်။
အာဏာသိမ်းမင်အောင်လှိုင်ဦးဆောင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တော်လှန်ရေးတပ်ဖွဲ့များ အားလုံး ဆွေးနွေးပွဲတွင်ပါဝင်ပါက KIA ဘက်ကလည်းပါဝင်မည်ဟုပြောပါတယ်။
အခြားထူးခြားဖြစ်စဉ်သတင်းများအနေဖြင့်
ဇွန်လ၉ ရက်နေ့တွင် မှော်စီစာရှိ နေအိမ်တစ်အိမ်တွင် စစ်ကော်မရှင်အဖွဲ့ဝင်များ ဓားပြတိုက်ခဲ့ပြီး ဇွန်လ ၁၁ နေ့မှာလည်း လုံးခင်းကျေးရွာ ရပ်ကွက် ၅ ရှိ နေအိမ်တစ်အိမ်ကို ၎င်း စစ်ကော်မရှင် အဖွဲ့ဝင်မှ သေနတ်ထောက် ဓားပြတိုက် ခဲ့ပြီး ငွေသား သိန်းသုံးဆယ်ကျော်လုယူသွားခဲ့ပါတယ်။
တစ်ဆက်တည်းမှာပဲ ဇွန်လ ၁၁ ရက် ည ၁၁ နာရီခွဲခန့်တွင် ဖားကန့် စကိုင်ဟိုတယ် ( SKY Hotel )ရှေ့ အေဒီဘမ်လိုင်းကားမောင်းသူ တစ်ဦးကို ပြည်သူ့စစ် အရပ်ဝတ်နဲ့ ဘတ်တံဆိပ်မပါ စစ်ယူနီဖောင်းဝတ်ဆင်ထားသူတွေက သေနတ်ထောက်ပြီး ဓါးပြတိုက်ကာ သိန်း ၄၀ ယူဆောင်သွားခဲ့ပါတယ်။
စစ်ကော်မရှင်တပ်ဖွဲ့ လုံးခင်းနဲ့မှော်စီစာကျေးရွာထဲတွင် ဝင်ရောက်နေရာယူပြီး နှစ်လကျော် အတွင်း လမ်းသွားလမ်းလာ ပြည်သူလူထုရဲ့ ဆိုင်ကယ်၊ ဖုန်း၊ ငွေ၊ ကျောက်တွေ အတင်းအဓ္ဓမ ခြိမ်းခြောက်ယူတဲ့အပြင် ဈေးဆိုင်တွေကို ငွေလွှဲခိုင်းတာတွေ နေ့စဉ်ကျူးလွန်လျှက် ရှိနေကြောင်းသတင်းမီဒီယာများတွင်ဖော်ပြထားပါတယ်။
