ဧပြီလ ပထမပတ်အတွင်း ကချင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်စဉ်များနှင့် အခြားထူးခြားဖြစ်စဉ်များ’
ကချင်ပြည်နယ်။ 10 ၊ ဧပြီလ ၊ ၂၀၂၆
လူ့အခွင့်အရေးချိုးဖောက်မှုသတင်းများ အနေဖြင့် ကချင်ပြည်နယ်အတွင်းရှိ ဖားကန့်နှင့် အင်းတော်ကြီးဒေသများတွင် လတ်တလော စစ်ရေးအခြေအနေများနှင့် လုံခြုံရေးအခြေအနေများ တင်းမာလျက်ရှိပြီး အရပ်သားများအပေါ် ထိခိုက်မှုများ ဆက်လက်တိုးလာနေကြောင်း သတင်းရင်းမြစ်များက ဖော်ပြထားသည်။
ဖားကန့်မြို့၊ အေးမြသာယာအုပ်စု၊ မြို့မရပ်ကွက်တွင် အသက်( ၅၄ ) နှစ်အရွယ် ကိုဝင်းဇော်ချစ် ( ခေါ် ) မိုက်ကယ် ဆိုသူကို ဧပြီလ (၁)ရက်နေ့တွင် အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က နေအိမ်အတွင်းရှိနေစဉ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး (၃)ရက်ကျော်အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရှိရပြီး ဖမ်းဆီးသူများမှာ အရပ်ဝတ်ဖြင့် လာရောက်ခဲ့ကြသဖြင့် မည်သည့်အဖွဲ့ဖြစ်သည်ကို မသိရှိနိုင်သေးကြောင်းလည်း ဆိုသည်။
ထို့အပြင် ဖားကန့်ဒေသတွင် ယခင်ကလည်း ဆိုင်ကယ်ဝပ်ရှော့ဆိုင်ပိုင်ရှင် ကိုစိုးလင်း ဆိုသူကို ဇန်နဝါရီလအတွင်း ဖမ်းဆီးခဲ့ပြီး ယနေ့ထိ မလွတ်မြောက်သေးကြောင်း သိရသည်။
တစ်ဖက်တွင်လည်း ဧပြီလအစပိုင်းမှစတင်ကာ ဖားကန့်ဒေသတွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာပြီး လက်နက်ကြီးကျည်ထိမှန်မှုကြောင့် အရပ်သား (၆) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ထိခိုက်သူများတွင် ဦးတူးခေါင် ၊ ဒမော်နော် ၊ ရှရွယ်မုန်ရာ ၊ ဖုန်ရိန်အောင် ၊နေသီဟမော် တို့ဖြစ်ကြပြီး အသက်အားဖြင့် ၂၆ နှစ်၊ ၁၇နှစ်၊ ၉ နှစ် အရွယ်များပါဝင်ပြီး တစ်ချို့မှာ ပြင်းထန်စွာထိခိုက်ဒဏ်ရာများ ရရှိထားသည်ဟု သိရှိရသည်။
ထိုကဲ့သို့ စစ်ရေးတင်းလာမှုများသည် KIA တပ်ဖွဲ့များမှ ဖားကန့်ဒေသတွင် လက်လွတ်ခဲ့ရသော စခန်းတချို့ကို ပြန်လည်သိမ်းပိုက်လာနိုင်ခြင်းနှင့် ဆက်နွယ်နေသည်ဟု ဒေသခံများက ပြောသည်။ ယင်းအခြေအနေနှင့် စပ်လျဉ်း၍ ဖားကန့်မြို့တွင် စစ်ကောင်စီတပ်သည် အချို့လမ်းပန်းဆက်သွယ်ရေးကို ပိတ်ဆို့ခြင်းများ ပြုလုပ်လျက်ရှိနေပြီး အထူးသဖြင့် လုံးခင်းပြည်သူများကို မြို့အတွင်းတွင် ပိတ်ဆို့ထားခြင်းများ ပြုလုပ်ကာ လူသားဒိုင်းကာအဖြစ် အသုံးပြုနေခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက စိုးရိမ်မှုများဖြင့်ဆိုကာ ရှိနေကြသည်။
အခြားတစ်ဖက်တွင် ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ ၊ မိုင်းနောင်ကျေးရွာမှ အသက် ( ၅၀ ) ကျော်အရွယ် ကားသမား ဦးပေါ်ထင်သည် ဧပြီလ (၁)ရက်နေ့တွင် ရှမ်းနီပြည်သူ့စစ် SNA ထိန်းချုပ်ထားသော နန့်မွန်း – မိုးညှင်း သွားရာလမ်းပိုင်းတွင် သတ်ဖြတ်ခံထားရကြောင်း ဒေသခံများက ပြောသည်။ ၎င်း၏အလောင်းကို လမ်းဘေးတွင် စွန့်ပစ်ထားပြီး ခန္ဓာကိုယ်တွင် ပြင်းထန်စွာ နှိပ်စက်ထားသည့် လက္ခဏာများဖြင့် တွေ့ရှိခဲ့ရကြောင်း သိရှိရသည်။
ဦးပေါ်ထင်သည် လက်ရှိတွင် ကုန်တင်ကားမောင်းသူဖြစ်ပြီး ယခင်က သတင်းရေးသားသူတစ်ဦးဖြစ်ခဲ့ကြောင်းလည်း သိရသည်။ ၎င်းအား မည်သည့်အဖွဲ့မှ သတ်ဖြတ်ခဲ့သည်ကို တိတိကျကျ မသိရှိနိုင်သေးသော်လည်း ဒေသတွင်း သတင်းရေးသားမှုများနှင့် ဆက်နွယ်နိုင်ကြောင်း ဒေသခံအချို့များက ပြောဆိုသုံးသပ်ကြသည်။
Data for Myanmar ၏ အချက်အလက်များအရ အာဏာသိမ်းကာလ (၅) နှစ်ကျော်အတွင်း အရပ်သားနေအိမ်ပေါင်း ၁၂၅,၃၂၈ (တစ်သိန်းနှစ်သောင်းငါးထောင်သုံးရာနှစ်ဆယ့်ရှစ်) လုံး ပျက်စီးခဲ့ကြောင်း သိရသည်။ ယင်းကဲ့သို့ မီးရှို့ဖျက်ဆီးမှုများကြောင့် ပြည်သူများသည် နေရပ်စွန့်ခွာရခြင်း၊ အသက်မွေးဝမ်းကြောင်း ခက်ခဲလာခြင်းနှင့် လူနေမှုဘဝ အခက်အခဲများစွာကို ကြုံတွေ့လာနေရသည်ဟု သက်ဆိုင်ရာ သုတေသနစာတမ်းများတွင် ဖော်ပြထားသည်။
အခြားထူးခြားဖြစ်စဉ်သတင်းများနှင့် နိုင်ငံရေးသတင်းများအားကြည့်မည်ဆိုပါက မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက် စစ်ကောင်စီအစိုးရ ဦးဆောင်ကျင်းပသော အတုအယောင်ရွေးကောက်ပွဲတွင် ကြံခိုင်ရေးပါတီသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လွှတ်တော်နှစ်ရပ်တွင် အနိင်ရရှိပြီးနောက် အကြမ်းဖက် မင်းအောင်လှိုင်ကို ဒုသမ္မတလောင်းအဖြစ် အမည်စာရင်းတင်သွင်းခဲ့ပြီး ၂၀၂၆ ခုနှစ် ဧပြီလ ၃ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် သမ္မတအဖြစ် အတည်ပြုကြေညာခံရပြီး မြန်မာနိုင်ငံ၏ ( ၁၉ ) ရောက်မြောက် သမ္မတဖြစ်လာခဲ့သည်။ မင်းအောင်လှိုင်သည် သမ္မတရာထူးကို တာဝန်မယူမီ ၂၀၂၆ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် ၎င်း၏ ကာကွယ်ရေးဦးစီးချုပ်ရာထူးကို ဗိုလ်ချုပ်ကြီး ရဲဝင်းဦးထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
တစ်ဖက်တွင် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော စစ်ရာဇဝတ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို နိုင်ငံတကာအဖွဲ့အစည်းများက စနစ်တကျ စစ်ဆေး၊ သုံးသပ်နေပြီး French Senate ( ပြင်သစ်နိုင်ငံအထက်လွှတ်တော် ) သည် စစ်ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးနိုင်ရန် ဥပဒေတစ်ရပ်ကို အတည်ပြုခဲ့ကြသည်။ ဤကဲ့သို့သော စစ်ဆေးမှုများတွင် Independent Investigative Mechanism for Myanmar ( IIMM ) နှင့် ပူးပေါင်းဆောင်ရွက်မှုများလည်း တိုးတက် ပြုလုပ်နိုင်ခဲ့သည်။ IIMM သည် စစ်ရာဇဝတ်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို စုံစမ်းသုံးသပ်ခြင်း၊ သက်သေစုဆောင်းခြင်းနှင့် နိုင်ငံတကာတရားစီရင်မှုများအတွက် အချက်အလက်များ သို့မဟုတ် အစီရင်ခံစာများ ထုတ်ပေးခြင်း စသည့်တာဝန်များကို လုပ်ဆောင်နေသည့် အဖွဲ့အစည်း တစ်ခုဖြစ်ပါသည်။
အပြည်ပြည်ဆိုင်ရာတရားရုံး စည်းမျဉ်းဥပဒေအရ ၊ အာဏာရရှိထားခြင်းကြောင့် အပြစ်ခံရမှုများမှ လွတ်မြောက်နိုင်ခြင်း မရှိကြောင်း သတ်မှတ်ထားသည်။ ထို့ကြောင့် မင်းအောင်လှိုင် သည် သမ္မတ ဖြစ်လာသော်လည်း ယင်းအပေါ် စွပ်စွဲခံထားရသည့် စစ်ရာဇဝတ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် အပြစ်လွတ်မြောက်ခံရမည်မဟုတ်ကြောင်း သုံးသပ်ချက်များတွင် ဖော်ပြထားသည်။ ယင်းနှင့် ပတ်သက်၍ Amnesty International ၏ မြန်မာနိုင်ငံဆိုင်ရာ သုတေသီ Joe Freeman က လည်း ပြင်းထန်စွာ ဝေဖန်ထုတ်ပြန်ခဲ့သည်။
တစ်ဖက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ ( NUG ) ယာယီသမ္မတ ဒူဝါလရှီးလက ဖက်ဒရယ်တပ်မတော်ကို အရပ်သားအစိုးရအောက်တွင် ထားရှိသွားမည်ဟု ပြောကြားခဲ့သည်။ ယင်းကို “ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ” ဖွဲ့စည်းခြင်း အခမ်းအနားတွင် ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်ပြီး စစ်ရေးအာဏာကို အရပ်သားအုပ်ချုပ်မှုအောက်တွင် ထိန်းညှိထားနိုင်ရန် ရည်ရွယ်ထားခြင်းသည် ဒီမိုကရေစီစံနှုန်းများနှင့် ကိုက်ညီသော လုံခြုံရေးစနစ်တစ်ရပ် တည်ဆောက်ရေးအတွက် အရေးကြီးသည့် ခြေလှမ်းတစ်ရပ်အဖြစ် တွေ့မြင်ရသည်။
၎င်း လုပ်ငန်းစဉ်ကို ဦးဆောင်နိုင်ရန် ဖွဲ့စည်းထားသည့် ဦးဆောင်ကောင်စီတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ ဒီမိုကရေစီအင်အားစုများနှင့် လူထုကိုယ်စားလှယ်များ ပါဝင်ကြောင်းသိရသည်။ ထိုကဲ့သို့ အဖွဲ့အစည်းများစုံလင်စွာ ပါဝင်ခြင်းသည် အားလုံးပါဝင်မှုနှင့် ကိုယ်စားပြုမှုကို တိုးမြှင့်စေရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်းလည်း သုံးသပ်ကြသည်။
အဖွဲ့ဝင်များတွင် မြန်မာနိုင်ငံရှိ အဓိက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် နိုင်ငံရေးအဖွဲ့အစည်းများ ပါဝင်ကြသည်။ အဓိကအဖွဲ့များမှာ ကချင်လွတ်မြောက်ရေးအဖွဲ့ ( KIO/KIA ) ၊ ကရင်အမျိုးသားအဖွဲ့ချုပ် ( KNU/KNLA ) ၊ ချင်းအမျိုးသားလွတ်မြောက်ရေးတပ် ( CNF/CAN ) ၊ ကရင်နီလက်နက်ကိုင်အဖွဲ့များ(KA)နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ( CRPH ) ၊ အမျိုးသားညီညွတ်ရေးအစိုးရ ( NUG ) တို့ ဖြစ်ကြသည်။
အမျိုးသားညီညွတ်ရေးအစိုးရ ( NUG ) အောက်တွင် ဖွဲ့စည်းထားသည့် ဦးဆောင်ကောင်စီတွင် စစ်ရေးနှင့် နယ်မြေစီမံခန့်ခွဲမှုဆိုင်ရာ အဖွဲ့များအဖြစ် ကချင်လွတ်မြောက်ရေးတပ် ( KIA ) ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် ( KNLA/ KA) ၊ ချင်းအမျိုးသားလွတ်မြောက်ရေးတပ် ( CNF/CAN ) တို့ပါဝင်ကြပြီး ဤအဖွဲ့ဝင်များသည် တိုင်း၊ ခရိုင်နှင့် မြို့နယ်အခြေစိုက် နယ်မြေများကို ထိန်းချုပ်ထားကာ ဒေသအခြေစိုက် စစ်ရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ကြသည်။ ဤအဖွဲ့အစည်းများကို K3C ဟု အတိုကောက်ခေါ်ပြီး၊ အမျိုးသားညီညွတ်ရေးအစိုးရ ( NUG ) အောက်တွင် ညှိနှိုင်းဆောင်ရွက်ကာ နယ်မြေစီမံခန့်ခွဲမှုနှင့် လုံခြုံရေးစနစ် တည်ဆောက်ရာတွင် အရေးပါသော အခန်းကဏ္ဍကို ထမ်းဆောင်နေကြသည်။
K3C အဖွဲ့များသည် ဦးဆောင်ကောင်စီ၏ စစ်ရေးအစီအစဉ်များကို အကျယ်တစ်ဝန်း ထောက်ပံ့ပေးခြင်းအပြင်၊ ဒေသအုပ်ချုပ်မှုနှင့် စစ်ရေးအင်အား စုပေါင်းခြင်းကိုလည်း ဦးစားပေးဆောင်ရွက်နေကြသည်။ အဆိုပါ လုပ်ငန်းစဉ်အောင်မြင်ရေးအတွက် တည်ငြိမ်မှုနှင့် ညီညွတ်မှုတို့ကို အခြေခံ၍ ဆက်လက် ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများ နှင့် ပညာရှင်များက ထောက်ပြထားသည်။

 

Leave a Reply