ကချင်ပြည်နယ် မတ်လ တတိယပတ်အတွင်း ဖြစ်ပွားခဲ့သော လူ့အခွင့်အရေးချိုးဖောက်ခံရမှု ဖြစ်စဉ်များနှင့် ထူးခြားဖြစ်စဉ်သတင်းများ
ကချင်ပြည်နယ်။ ၂၃ ၊ မတ်လ ၊ ၂၀၂၆
မတ်လ တတိယပတ်၊ ကချင်ပြည်နယ်တွင် ပြည်သူလူထုများ၏‌ နေ့စဉ်လူနေမှုဘဝ လုံခြုံရေးနှင့် နိုင်ငံရေးအခြေအနေများ ဆက်လက်တင်းမာနေဆဲဖြစ်ပြီး မတရားဖမ်းဆီးမှု ၊ မိုင်းပေါက်ကွဲမှုများ ၊ လေကြောင်းတိုက်ခိုက်ခံရမှုများ စသည့် လူ့အခွင့်အရေးချိုးဖောက်ခံရမှု အမှုအခင်းများ မကြာခဏဆိုသလို ဆက်လက်ဖြစ်ပွားနေသည်ကို တွေ့ရှိရသည်။
မတ်လ ၁၇ ရက်နေ့ ဖားကန့်ဒေသတွင် Uru Daily News သတင်းဌာန၏ အယ်ဒီတာဖြစ်သူ ကိုတာလင်းမောင်ကို လက်နက်ကိုင်အဖွဲ့အစည်းတစ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု သိရပြီး ၎င်းသည် ဆိုင်းတောင်သို့သွားရာလမ်းတွင် ညနေပိုင်းအချိန် ၌ ဖမ်းဆီးခံရခြင်းဖြစ်ပြီး ဖမ်းဆီးရခြင်းအကြောင်းအရင်းနှင့် ဖမ်းဆီးသူ အဖွဲ့အစည်းအား အတည်ပြုနိုင်ခြင်းမရှိသေးကြောင်းဒေသခံသတင်းရင်းမြစ်များမှ သိရှိရပြီး မတ်လ ၁၈ ရက်နေ့တွင် ပြန်လည် လွတ်မြောက်လာကြောင်းသိရှိရသည်။
ထို့အပြင် မတ်လ ၁၅ နှင့် ၁၆ ရက်တွင် ဖားကန့်မြို့နယ် မိုင်းပေါက်ကွဲမှုများ ဆက်တိုက်ဆိုသလို ဖြစ်ပွားလျက်ရှိနေပြီး ၎င်းမိုင်းပေါက်ကွဲမှုကြောင့် ပြည်သူလူထုအချို့ သေဆုံးမှုများ ဖြစ်ပွားခဲ့ရသည်။ မှော်စီစာ ကျေးရွာတွင် လူလုပ် ထောင်မိုင်း တစ်လုံး ပေါက်ကွဲမှုကြောင့် အမျိုးသား(၁)ဦး ခန္ဓာကိုယ်ပြင်းထန်စွာ ပျက်စီးပြီး သေဆုံးခဲ့သလို အင်ဘာလခ မှော်နှင့် အနီးအနားဒေသများတွင်လည်း မိုင်းနင်းမိ ခြင်း နှင့် မိုင်းပေါက်ကွဲမှုများကြောင့် အရပ်သားပြည်သူ သေဆုံးမှုများ ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။ ဒေသခံများအနေဖြင့် ထိုသို့ မိုင်းအန္တရာယ်များကြောင့် ညဘက်သွားလာရန် မရဲ မဝံ့မှုများ ဖြစ်နေကြောင်းသိရှိရပါတယ်။
မြစ်ကြီးနားမြို့တွင်လည်း လုံခြုံရေးအခြေအနေ မတည်ငြိမ်မှုများကြောင့် မှုခင်းမှုရာများ ဆက်လက်တိုးပွား လာသလို နေအိမ်များဖောက်ထွင်းခြင်း ၊ ပစ္စည်းခိုးယူခံရမှုများ ဖြစ်ပွားလျက်ရှိရာ မတ်လ ၁၆ ရက်နေ့တွင် တပ်ကုန်းရပ်ကွက်ရှိ နေအိမ်တစ်အိမ်မှ သုံးဘီးမော်တော်ယာဉ် တစ်စီး ကို အိမ်ရှင်များ ဘုရားကျောင်းသွားနေချိန် တံခါးဖောက်ဝင်ကာ ခိုးယူသွားခဲ့ကြောင်း လူမှု့ကွန်ယက်စာမျက်နှာပေါ်များ၌ အများအပြားဖော်ပြလျက်ရှိနေပါတယ်။
မတ်လတတိယပတ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲအခြေအနေများကိုကြည့်ရမည်ဆိုပါက ကချင်ပြည်နယ်အတွင်း စစ်ရေးတင်းမာမှုများ ဆက်လက်မြင့်တက်နေပြီး မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိကာ ကချင်လွတ်လပ်ရေးတပ်မတော် ( KIA ) နှင့် ပူးပေါင်းရေးတပ်များက စစ်ကောင်စီနှင့် ရှမ်းနီပြည်သူ့စစ် ( SNA ) တို့၏ စခန်းနှစ်ခုကို သိမ်းပိုက်နိုင်ခဲ့သည်ဟု စစ်ရေးသတင်းမြစ်များအရ သိရှိရသည်။
ထို့အပြင် တိုက်ပွဲများဖြစ်ပွားခြင်းမရှိသည့် နေရာများအပါအဝင် ဖားကန့်နှင့် မိုးညှင်းဒေသများတွင် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်နေပြီး မတ်လ ၁၇ နှင့် ၁၈ ရက်နေ့များတွင် တိုက်လေယာဉ်များဖြင့် ဗုံးကျဲတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များအရသိရပါတယ်။ ထို့အပြင် ဗန်းမော် စစ်မျက်နှာတွင်လည်း နေ့စဉ်လေကြောင်း တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါတယ်။
ထူးခြားဖြစ်စဉ်အနေဖြင့် မြန်မာမှာ ‘ဆီပြတ်လပ်စရာမရှိပေမဲ့ ကမ္ဘာ့စျေးနှုန်းနဲ့ အညီ ဖြစ်လာမယ်လို့ စစ်ကော်မရှင်ပြောခွင့်ရ ထုတ်ပြောအပြီး’ တစ်လ မပြည့်ခင်မှာဘဲ ရန်ကုန်စက်သုံးဆီစျေးနှုန်းများ ၅၅ ရာခိုင်နှုန်း ထိထိုးတက်လာပြီး ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် လက်ရှိ ( ၉၂ ) ၁ လီတာ ၁၀,၀၀၀ တစ်သောင်းနှုန်းကျပ်ကျပ်တိတိ ဖြစ်လာကာ စာရေးကိရိယာပစ္စည်းအချို့များနှင့် အခြေခံ ဆေးဝါးအချို့များလည်း ပြတ်လပ်လာနေသည်ကို သိရှိရသည်။ ထိုအပေါ် ဒေသခံတစ်ဦးက “ ဆေးဝါး တစ်ခုရဖို့ အခုကလေ ဆေးဆိုင် ၁၀ ဆိုင်လောက်ပတ်ရှာမှ တစ်ကဒ် နှစ်ကဒ်လောက်ဘဲ ရတယ် ဒါတောင် အမျိုးအစားတူတဲ့ဟာ ဘဲရတယ် မူရင်းမရတော့တာ ကြာပြီ ” ဆိုပြီး သွေးတိုးနှင့် ဆီးချိုဝေဒနာ ခံစားနေရသူ အဖိုးတစ်ဦးမှယခုလိုပြောသည်။
ထိုသို့ ဖြစ်လာရခြင်း သည် အိန္ဒိယ ၊ ပါကစ္စတန် ၊ ဘင်္ဂလားဒေ့ရှ် ၊ ထိုင်း ၊ တရုတ်နိုင်ငံမှ တင်သွင်းသည့် ဆေးဝါးများနှင့် အခြားကုန်စည်များသည် လက်ရှိ ကြုံတွေ့နေရသော ရေနံဆီစျေး ရိုက်ခတ်မှုကြောင့် ပို့ဆောင်ရေးစရိတ်များ တက်လာခြင်း အပြင် ဝယ်ယူမှုများတွင်လည်းအခြား အခက်အခဲ အမျိုးမျိုး ဖြင့်ကြုံတွေ့နေရမှုကြောင့်ဟု ပြောကြားထားသည်။
တစ်ဖက်တွင်လည်း မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ၂၀၀၉ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ပြည်သူလူထူဆန္ဒကြောင့် စီမံကိန်းကို ယနေ့အချိန်ထိ ရပ်ဆိုင်းထားခဲ့ပြီး မတ်လ ၁၆ ရက်နေ့ တွင် ပြုလုပ်ခဲ့သော မြစ်ဆုံစီမံကိန်း အစည်းအရုံးပွဲတွင် ပြည်သူလူထု ၇၀၀ ခန့် တက်ရောက်ခဲ့ခြင်း အပေါ် ဒေသခံပြည်သူလူထုများ စိုးရိတ်စိတ် မြင့်မားလျက်ရှိနေပါသည်။

Leave a Reply