
နှစ်ပတ်တာအတွင်း ဖြစ်ပွားခဲ့သော အရပ်သားသေဆုံးမှု နှင့် ထိခိုက်ဒဏ်ရာ ရရှိမှုများ’
ကချင်ပြည်နယ်။ ၁၇. ၂. ၂၀၂၆
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ နှစ်ပတ်တာကာလ အတွင်း ကချင်ပြည်နယ်တွင် လက်နက်ကြီး ပစ်ခတ်မှုများ၊ လေကြောင်းတိုက်ခိုက်မှုများနှင့် မိုင်းအန္တရာယ်များကြောင့် အရပ်သားပြည်သူများအပေါ် ထိခိုက်မှုများ ပြင်းထန်စွာ ဖြစ်ပေါ်ခဲ့သည်။ နှစ်ပတ်အတွင်း အရပ်သား (၁၀)ဦး သေဆုံးခဲ့ပြီး (၂၈)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း အချက်အလက်များအရ သိရှိရသည်။
ဖားကန့်ဒေသအတွင်း KIA ပူးပေါင်းတပ်နှင့် စကစ ပူးပေါင်းတပ်တို့အကြား တိုက်ပွဲများ ပြင်းထန်နေခြင်းကြောင့် အပြန်အလှန်ပစ်ခတ်မှုများအတွင်း လက်နက်ကြီးကျရောက်ခဲ့ပြီး အရပ်သား ကလေးငယ်များ ပါဝင်သော ပြည်သူ (၃)ဦး သေဆုံးကာ (၂၄) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် စစ်ရေးပဋိပက္ခများနှင့် ဆက်လျဉ်း၍ ထောင်ထားသည့် မိုင်းများကြောင့် ကလေးငယ်(၁)တစ်ဦးနှင့် အမျိုးသား(၁)တစ်ဦး သေဆုံးခဲ့ပြီး အမျိုးသမီး(၁)တစ်ဦးနှင့် ကလေးငယ်(၂)နှစ်ဦး ထပ်မံဒဏ်ရာရရှိခဲ့သည်။
(၃)လခန့်ပိတ်ထားခဲ့သည့် ဆန်းကြွယ်ကျေးရွာရှိလမ်းတွင် ဆိုင်ကယ်ဖြင့် ဖြတ်သန်းလာသော လူငယ်(၂)နှစ်ဦး မိုင်းထိကာ အသက်ဆုံးရူံးခဲ့ရခြင်းနှင့် ယခုကဲ့သို့ ဖြစ်စဉ်များသည် ဒေသခံပြည်သူလူထုများ၏ လုံခြုံရေးအခြေနေ များကိုဖော်ညွှန်းပြသနေသည်။ထို့အပြင် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများကြောင့် ကားပြင်ဆိုင် (၁)တစ်ခုတွင် ဗုံးကျရောက်ကာ အရပ်သား (၃)ဦး သေဆုံးခဲ့ပြီး လူနေအိမ်အပါ ကားများမီးလောင် ပျက်စီးခဲ့သည်။
နှစ်ပတ်အတွင်း သေဆုံးသူများ စာရင်းဒေသာတွင် (၁၀)နှစ်အောက် ကလေးငယ်များနှင့် အမျိုးသမီးများ ပါဝင်နေမှုသည် ပိုမို မြင့်မားနေကြောင်းတွေ့ရှိရပြီး လက်ရှိဖြစ်ပွားနေသည့် ပဋိပက္ခများအတွင်း အထိခိုက်ဆုံး အဖွဲ့အစည်းများမှာ အားနည်းနေသော လူတန်းစား များသာ ဖြစ်နေကြောင်း ထင်ရှားစေခဲ့သည်။
အရပ်သားပြည်သူများသည် စစ်ရေးပဋိပက္ခများအတွင်း အကာအကွယ်ရရှိ ရမည့် အဓိကအဖွဲ့အစည်း ဖြစ်သော်လည်း လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုနှင့် မိုင်းအန္တရာယ်များကြောင့် အသက် အန္တရာယ် ၊ ကိုယ်ခန္ဓာလုံခြုံရေးနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အခွင့်အရေးများကို ဆုံးရူံးနေရသည်။ အထူးသဖြင့် ကလေးများနှင့် အမျိုးသမီးများအပေါ် ထိခိုက်မှု မြင့်တက်နေခြင်းသည် လူသားချင်းစာနာမှုနှင့် အခြေခံလူ့အခွင့်အရေးများအား လေးစားလိုက်နာရန် အရေးတကြီး လိုအပ်နေကြာင်းကို ပြသနေပါသည်။
