
ပူတာအိုမြို့နယ်တွင် စစ်ကော်မရှင်စစ်တပ်မှ လက်နက်ပြခြိမ်းခြောက်ပြီး ခရီးသွားပြည်သူများထံမှ ငွေကြေးများကို ဓားပြတိုက်လုယူမှုဖြစ်ပွားခဲ့
ပူတာအိုမြို့နယ်။ ၂၃၊ ဒီဇင်ဘာလ၊ ၂၀၂၅။
ကချင်ပြည်နယ် ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်ရှိ ထီခတံတား ဒေသအခေါ်အဝေါ်(နမ်ထီ) တွင် ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၀ ရက်နေ့က စစ်ကော်မရှင်စစ်တပ်က ခေါင်လန်ဖူး မှ ပူတာအိုမြို့သို့ဆင်းလာကြသော ဒေသခံပြည်သူများကို လက်နက်ပြခြိမ်းခြောက်ပြီး ငွေကြေးလုယူဓားပြတိုက်မှုဖြစ်ပွါးခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။
“သူငယ်ချင်းတစ်ယောက်က ဆာကော်ရိပ်သိမ်းပြီးနယ်စပ်မှာ ရောင်းလို့ ရလာတဲ့တရုတ်ယွမ်ငွေအကုန်လုံးကို ဘေးလွယ်အိတ်မှာထဲ့ယူလာတာ ယွမ်ငွေ(၁)သောင်းခွဲလောက်ရှိတယ်။ အဲဒါတွေတော့ တခါထဲယူပြီးပြန်မပေးတော့ဘူး။ အမျိုးမျိုးတောင်းပန်ရင်လဲပြန်မပေးဘူး သေနတ်နဲ့ချိန်ပြီးကို ချိန်းခြောက်တာ။ ကလေးတွေ ကျူရှင်ခ၊ အဆောင်ခ ပေးရမယ့်ဟာလေးတွေပါ ဆိုပြီး အကြာကြီးတောင်းပန်မှ ဒါဆိုမြန်မာငွေ၁၀သိန်းပေးဆိုပြီးပြန်တောင်းပြန်ရော။ အဲလောက်တော့မရှိဘူး ၄သိန်းပဲရှိတယ် ဆိုပြီးပေးလိုက်တော့မှပြန်ပေးလာတယ်။ဒါတောင် အဲထဲကနေ တရုတ်ငွေ(၁)ရာတန်နှစ်ရွက် ထပ်ယူသွားပါသေးတယ်” လို့ ကိုယ်တိုင်ကြုံတွေ့ ခဲ့သူတစ်ဦးမှ ပြောပြပါတယ်။
အဆိုပါ ခေါင်လန်ဖူးမှ ဆင်းလာတဲ့ ခရီးသွားပြည်သူများထဲမှာ ပင်ပင်ပန်းပန်းငွေရှာပြီး ပူတာအိုမြို့ပေါ်မှာ စာသင်ကြားနေကြတဲ့ ၎င်းတို့ကလေးတွေကို လာတွေ့တဲ့ မိဘများပါကြသလို။တချို့က ခေါင်လန်ဖူးမှာ ဆာကော်ခင်းသွားရိတ်သိမ်းရင်းနဲ့ နယ်စပ်မှာရောင်းပြီး ရလာတဲ့ငွေလေးတွေယူပြီး ပြန်လာကြသူများဖြစ်ကြောင်း သိရပါတယ်။
လက်ရှိ ပူတာအို ဌာနေပြည်သူ့စစ်တွေတွေရှိနေသော်လည်း ထိုသို့သော အကြောင်းကိစ္စများ ပတ်သတ်ပြီး ကြုံတွေ့လာချိန်ပြည်သူတွေ အားကိုးလို့မရသလို၊ ဘယ်ကိုတိုင်ကြားရမလဲမသိဖြစ်နေကြောင်း ဒေသထံများထံမှ သိရပါတယ်။
“ပူတာအိုဒေသကို လုံခြုံအောင် ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ် တွေကိုကာကွယ်မယ် ဆိုနေတဲ့ဌာနယ်ပြည်သူ့စစ်တွေ ဘယ်ရောက်နေတာလဲ။သူတို့လုပ်ရမှာ ဒါတွေကိုကာကွယ်ရမှာလေ၊ ဘယ်မှာလဲပြည်သူတွေရဲ့လုံခြုံမှု မသိချင်ယောင်ဆောင်နေကြတာလား။သူတို့သစ္စာခံတဲ့ အားကိုးတဲ့စစ်တပ်က ပြည်သူတွေကို လုယှက်နေကြပြီလေ ။” လို့ ပြည်သူတစ်ဦးက ၎င်းရင်းတွင်းခံစားချက်ကို ပြောပြပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ဒုတိယအပတ်မှာလည်း ခေါင်လန်ဖူးမြို့မှပူတာအိုမြို့ သွားလမ်း ဂွေဇဂိတ်တွင် ရှန်ဂေါင်ကျေးရွာသို့ စုပေါင်းခရစ္စမတ်ပွဲတော်သို့လာကြသော ဒေသခံပြည်သူများထံမှ တရုတ်ယွမ်ငွေ လုယူမှုဖြစ်ပွါးခဲ့ပါတယ်။
