
နေရပ်စွန့်ခွာစစ်ရှောင်ပြည်သူများအတွက် လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီလိုအပ်နေ
နမ္မတီးမြို့။ ၂၂၊အောက်တိုဘာလ၊၂၀၂၅
ကချင်ပြည်နယ် နမ္မတီးမြို့ ဆီးဒန့် ကျေးရွာတွင် စစ်ဘေးတိမ်းရှောင်လာတဲ့ အိမ်ထောင်စု ၁၉စု နှင့် လူဦးရေ ၈၉ ယောက် လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာမှု အကူအညီလိုအပ်နေကြောင်း သိရပါတယ်။
“အခုလောလောဆယ်တော့ ဆန်၊ဆီ၊ဆားနဲ့ အဝတ်အထည်၊ စောင်တွေ လိုတယ်တဲ့။ ခဏဘဲ ရှောင်ရမယ်ထင်ပြီး ဘာမှ မယူလာခဲ့ကြဘူးတဲ့။အခုက ဆောင်းဝင်လာတော့ ကလေးနဲ့ လူကြီးအတွက် တစ်ကယ်အနွေးထည်၊စောင်တွေလိုအပ်နေကြတယ်” လို့ သွားရောက်ကူညီခဲ့သူဦးက ပြောပါတယ်။
အဆိုပါ စစ်ရှောင်ပြည်သူများမှာ ပြီးခဲ့တဲ့ ဩဂုတ်လခန့်မှ ဖားကန့် ဆိုင်းဖရာကျေးရွာဘက်မှ တိမ်းရှောင်လာသူများဖြစ်ကြပြီး၊ လက်ရှိအထိ စားဝတ်နေရေးအတွက် အကူအညီများ လုံလောက်ငှစွာမရရှိကြောင်း ၎င်းကဆက်ပြောပါတယ်။
“အခုက စစ်ဘေးရှောင်ပြည်သူအရမ်းများလာတော့ အသင်းတော်၊ CSOs အပြင် အလှူရှင် အဖွဲ့အစည်းတွေက အားလုံးကို လုံလုံလောက်လာက်မကူညီနိုင်တော့ဘူး။ သူတို့ကိုလည်း လာကူညီတာတော့ရှိတယ်တဲ့။ ဒါပေမဲ့ အကန့်အသတ်နဲ့ဆိုတော့လေ။ ကျွန်တော်မြင်ခဲ့တာ စားစရာ၊ ဝတ်စရာ သူတို့မှာ ဘာမှကို မရှိသေးတာ။ “လို့ ပြောပါတယ်။
ဖားကန့်မြို့တွင် ပြီးခဲ့တဲ့ ဧပြီလမှ စစ်ကော်မရှင်ဘက်မှ စစ်ကြောင်းထိုးစစ်ဆင်လာရာမှ ယနေ့ထိ တိုက်ပွဲများပြင်းထန်နေပြီး အရပ်သားပြည်သူများလည်း ဆက်လက် ထွက်ပြေးတိမ်း ရှောင်နေရပါတယ်။
