
ဖားကန့်မြို့ဘက်တွင် စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုဆက်တိုက်လုပ်ဆောင်နေပြီး ပြည်သူနေအိမ်အများအပြားထိခိုက်ပျက်စီး
ဖားကန့်မြို့။ ၁၆၊ဇူလိုင်၊၂၀၂၅
ကချင်ပြည်နယ် ဖားကန့်မြို့ ယနေ့ ၁၂:၀၀ နာရီ ဝန်းကျင်ခန့်က စစ်ကောင်စီမှ လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်းသိရပါတယ်။
“အတိအကျတာ့မသိဘူး။ မှော်ဝမ်း၊ မှော်မောင်းလျှံ၊ ဆွတ်ဘွမ် ဘက်တော့ထင်တယ်။ ရမ်းတမ်းပစ်တာ။ “လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
အဆိုပါ လေကြောင်းဖြင့် ဗုံးကြဲမှုပြုလုပ်တာကြောင့် အရပ်သားပြည်သူနေအိမ်များထိခိုက်ပျက်စီးနေရကြောင်း သူကဆက်ပြောပါတယ်။
” အခုလို လေယာဉ်နဲ့ဗုံးလာကြဲတာကြောင့် ပြည်သူနေအိမ်တွင် အများကြီးထိခိုက်ပျက်စီးသွားတယ်။ ဟိုတစ်နေ့ကလည်း ပညာသင်ကျောင်းတည့်တည့်ကျတယ်၊မနေ့ကလည်း မှော်ဝမ်းလေးမှာ နေအိမ် တည့်တည့်ကျတယ်။” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၄ရက်မှ ယနေ့အထိ သုံးရက်တိုင် ဖားကန့်မြို့ဘက် စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်ခဲ့ပြီး ပြည်သူနေအိမ်အဆောက်အအုံ (၂၀)ခန့် ထိခိုက်ပျက်စီးတာ ရှိလာကြောင်း သိရပါတယ်။
ယမန်နေ့ စစ်ကောင်စီမှ ဖားကန့်မြို့အပြင် အခြားတိုက်ပွဲဖြစ်နေတဲ့ ဝိုင်းမော်မြို့ လမြန်ကျေးရွာဘက်တွင်လည်း လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာရှိပြီး ထိခိုက်ပျက်စီးမှုရှိမရှိကို ဆက်လက်စုံစမ်းနေပါတယ်။
