
ပူတာအိုမှာ ဆင်ရိုင်းသောင်းကြမ်းလို့ ဒေသခံ လေးယောက်သေပြီး နေအိမ်များပျက်စီး
ပူတာအိုမြို့နယ်။ ၁၈၊ဧပြီလ၊၂၀၂၅
ကချင်ပြည်နယ် ပူတာအိုမြို့ မူလာဒီကျေးရွာတွင် မနေ့က မနက်၁၀နာရီမှ ယနေ့မနက်အထိ တောဆင်ရိုင်း သောင်းကြမ်းလို့ ဒေသခံ အမျိုးသမီး လေးဦးသေကာ နေအိမ်အချို့လည်း ပျက်စီးသွားကြောင်းသိရပါတယ်။
အဆိုပါ ဆင်ရိုင်းမှာ ယနေ့က တောထဲမှာ ဖက်ရှာသွားသူ အမျိုးသမီးကို နင်းချေသတ်ခဲ့ပြီး ရွာထဲကို ဝင်လာကာ ဒေသခံ အမျိုးသမီး ၃ယောက်ကို ထပ်မံ ရိုက်သတ်ပြီး နေအိမ်များကိုလည်း ဖျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။
” မနေ့က ဆုတောင်းပွဲအတွက် တောထဲကို ဖက်သွားရှာတဲ့ အမျိုးသမီးတစ်ဦးကို နင်းသတ်သွားတယ်တဲ့။ ပြီးတော့ ဆင်ရိုင်းက ရွာထဲကို ပြန်ဝင်လာတယ်။ နောက်ထပ် အမျိုးသမီး ၃ယောက်ကို ရိုက်သတ်တယ်။ နေအိမ်တစ်ချို့တွေလည်းပျက်သွားတယ်။” လို့ ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။
အဆိုပါ ဆင်ရိုင်းကြောင့် သေဆုံးသွားသူများမှာ အသက် ၃၀မှ ၈၀ ကြား အရွယ်ရှိ အမျိုးသမီးများဖြစ်ပြီး ကိုယ်ဝန်ဆောင်တစ်ဦးပါကြောင်းလည်းထပ်မံသိရပါတယ်။
အဆိုပါ ဆင်ရိုင်းကို ပစ်သတ်ရန် သက်ဆိုင်ရာ ပြည်သူ့စစ်များက လိုက်လံရှာဖွေနေပြီး ယခုအချိန် ပစ်သတ်နိုင်ခြင်းမရှိမရှိမသိရသေးပါ။
ပြီးခဲ့တဲ့ ၂၀၂၄ နိုဝင်ဘာလကလည်း မြစ်ကြီးနား -ပူတာအိုလမ်းတွင် ဆင်ရိုင်းသောင်းကြမ်းလို့ ကားသမားတစ်ဦး ထိခိုက်သေဆုံးတာရှိခဲ့ကြောင်းသိရပါတယ်။
