
လဝါးကျေးရွာတွင် စစ်ကောင်စီတပ်များ အင်းအားစုနေပြီး ရွာထဲက ကြက်၊ဝက်များ သတ်စားနေ
ဖားကန့်မြို့နယ်။ ၂၄၊မတ်လ၊၂၀၂၅
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လဝါးကျေးရွာတွင် ဒွမ်ဘန် (ခ.လ.ရ ၂၉၇) စစ်ကောင်စီတပ် ၊ ဒွမ်ဘုံး (ခ.လ.ရ ၃၈၁၊၃၈၂)၊ နမ္မတီး- မိုးကောင်း (စ.က.ခ ၃) နဲ့ ဝရာဇွပ် ပြည်သူ့စစ် များ ဝင်ရောက်နေရာယူပြီး ပြည်သူများ၏ ကြက်၊ဝက်၊နွားများကို သတ်စားနေကြောင်း ဒေသခံများကပြောပါတယ်။
” သိရသလောက်တော့ ရွာထဲမှာ ဒွမ်ဘန်၊ဒွမ်ဘုံး၊ နမ္မတီး မိုးကောင်းက စစ်ကောင်စီတပ်နဲ့ ဝရာဇွပ်ဘက်က ပြည်သူ့စစ်တွေ အင်အားစုနေတယ်တဲ့။ ရွာထဲက ကြက်တွေ၊ ဝက်တွေ၊ နွားတွေလည်း သတ်စားနေကြတယ်လို့ သိရတယ်” လို့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။
လဝါးကျေးရွာတွင် စစ်ကောင်စီတပ်နဲ့ KIAကြားတိုက်ပွဲဖြစ်ပွားပြီး ရွာတွင်း လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများလည်းရှိနေသောကြောင့် ရွာသားများက ဘေးကင်းလုံခြုံရာသို့ ထွက်ပြေးတိမ်းရှောင်နေကြောင်း သူကဆက်ပြောပါတယ်။
လက်ရှိအချိန်တွင် ဖားကန့်မြို့နယ်နဲ့ ဝိုင်းမော်မြို့နယ်တွေမှာ စစ်ကောင်စီနဲ့ KIAပူးပေါင်းတပ်များ တိုက်ပွဲပြင်းထန်နေပြီး၊ စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် ကျေးရွာတွင်းရှိ နေအိမ်များ ထိခိုက်ပျက်စီးတာတွေရှိနေကြောင်း သိရပါတယ်။
