
မိုးညှင်းခရိုင်တွင် စစ်ကောင်စီ၏ လက်နက်ကြီးနဲ့ မြေမြုပ်မိုင်းကြောင့် အရပ်သားများ (၅)ဦး ထိခိုက်ဒဏ်ရာရ
မိုးညှင်းမြို့။ ၁၃၊ဇန်နဝါရီလ၊ ၂၀၂၅
ကချင်ပြည်နယ် မိုးညှင်မြို့ အာလဝီကုန်းရက်ကွက်တွင် ဇန်နဝါရီလ(၁၁)ရက်နေ့က စစ်ကောင်စီတပ်၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် အသက်မပြည့်သေးသည့် (၃)နှစ်အရွယ်ကလေး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း မိသားစုနဲ့ နီးစပ်သူများထံမှ သိရပါတယ်။
“အာလဝီကုန်း နေအိမ်အောက်ထပ်မှာ မိဘများနဲ့အတူရှိနေချိန် ထန်းတပင်သက္ကသိုလ်ဝင်းထဲ ထိုင်ထားသော စကစအမြောက်တပ်က အကြောင်းမဲ့ ပစ်ခတ်လိုက်တဲ့ (၆၀မမ)လက်နက်ကြီးကျည်ထိမှန်ပြီး အသက်(၃)နှစ်ကလေး ဘယ်ဖက်လက် မောင်းထိခိုက်ဒါဏ်ရာရသွားတယ်။” လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။
စစ်တပ်က လက်နက်ကြီးကျည်အစတွေကို နေ့လည်၁နာရီမှာ လာသိမ်းပြီး ကလေးမိဘတွေကို စစ်မေးဖို့အတွက်ဆိုပြီး ရဲစခန်းကလာခေါ်သွားကြောင်း ဆက်လက်သိရှိရပါတယ်။
ထို့အပြင် မိုးညှင်းမြို့နယ် ရွှေသစ်ပင်ရွာ ရာဘာခြံအနီးတွင် ဇန်နဝါရီလ ( ၃ )ရက်နေ့ နဲ့ (၉ )ရက်နေ့ နှစ်ကြိမ် စစ်ကောင်စီတပ်မှ ထောင်ထားသော မြေမြုပ်မိုင်း ကြောင့် အရပ်သား (၄)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံများထံမှ သိရပါတယ်။
“ဇန်နဝါရီလ(၃)ရက်နေ့က ရာဘာခြံလုပ်သားအမျိုးသမီးတစ်ဦး ခြံကနေမိုးညှင်းကို အပြန်လမ်းမှာ မိုင်းနင်းမိပြီး ခြေနှစ်ဖက်ပြတ်သွားတယ်၊ ပြီးတော့ တစ်ရက်ထဲမှာ ရွှေရင်ကျော်ဆရာ တစ်ဦးလည်း ထန်းတပင်ရွာမှာ ဆိုင်ကယ်နဲ့ အတူ မိုင်းနှင်းမိတယ်။ ပြီးတော့ ဇန်နဝါရီလ(၉)ရက်နေ့က လင်မယားနှစ်ယောက်လည်း မြို့ထဲကနေ ရာဘာခြံသို့အသွား မိုင်းနင်းမိပြီး ထိခိုက်ဒါဏ်ရာရရှိသွားတယ်” လို့ မိုးညှင်းဒေသခံတစ်ဦးကပြောပါတယ်။
လက်ရှိမှာ အဆိုပါ စစ်ကောင်စီ၏မြေမြုပ်မိုင်းနဲ့ လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရသူများမှာ မိုးညှင်းဆေးရုံတွင် ဆေးကုသခံယူနေရကြောင်းလည်း သိရပါတယ်။
