ကချင်ပြည်နယ်တွင် နယ်စပ်ဂိတ်များ အားလုံးဖွင့်ပြီဖြစ်ပေမဲ့ ကုန်ဈေးနှုန်းများမကျသေး
မြစ်ကြီးနား။ ၂၄၊ ဒီဇင်ဘာလ၊ ၂၀၂၄
ကချင်ပြည်နယ်ရှိ ကချင် -တရုတ် နယ်စပ်ဂိတ်များအားလုံးကို KIOမှ ဖွင့်ပေးလိုက်တာ ၁၀ရက်‌ခန့် ရှိလာ‌ပေမဲ့ ကချင်ပြည်နယ်ရဲ့ မြို့တော် မြစ်ကြီးနားမြို့တွင် ကုန်းဈေးနှုန်းများလျော့ကျလာတာမျိုးမရှိ‌‌ကြောင်း ဒေသခံပြည်သူများထံမှ သိရပါတယ်။
“ဈေးက မကျဘူးလို့ ပြောရမယ်။ဘာလို့လဲဆိုတော့ အရင်ထက် ၁၀၀၊၂၀၀ (ကျပ်) ‌လောက်ဘဲ သက်သာတာ။ ကြက်ဥတစ်လုံး ၁၀၀၀ကျပ်တန် ကနေ ၈၀၀ကျပ် လောက်ကျတယ်ပေါ့။ ဓါတ်ဆီ တစ်လီတာက ၁၅၀၀၀ကျပ်ကနေ ၁၃၀၀၀ကျပ် လောက်တော့ကျတယ်” ဆိုပြီး အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးကပြောပါတယ်။
လက်ရှိတွင် မြစ်ကြီးနားမြို့တွင် စစ်ရေးအခြေအနေ ကောလဟလသတင်းများ ထွက်နေတာကြောင့် စားသောက်ကုန်များ ဝယ်ယူစု‌ထားချင်ပေမဲ့ ကုန်ဈေးနှုန်းမြင့်နေတာကြောင့် မဝယ်စုထားနိုင်ကြောင်း အသက်၃၀ကျော် မြစ်ကြီးနားဒသခံ အမျိုးသမီးတစ်ဦးထံမှ သိရပါတယ်။
” စစ်ရေးသတင်း ကောလဟာလတွေက ကြားနေရတယ်။ စစ်ဖြစ်လာရင် ထွက်‌ပြေးတဲ့အခါစားဖို့အတွက် အစာခြောက် အစားအစာ ဝယ်စုထားပြင်ဆင် ထားချင်လည်း ဈေးနှုန်းက မကျဘူး” လို့ သူမကပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၃ရက်နေ့ မှစပြီး တရုတ်နဲ့ KIO နှစ်ဖက် ဆွေးနွေးမှုအပြီး ၂၄နာရီ‌မတိုင်ခင်တွင်းမှာပဲ ကချင်လွတ်လပ်ရေးတပ်မတော်သိမ်းပိုက်ထားတဲ့ ကချင်ပြည်နယ်ရဲ့ နယ်စပ်ကုန်သွယ်‌ရေးဂိတ်အားလုံးကို ပြန်ဖွင့်‌‌ပေးလိုက်ပြီဖြစ်‌ကြောင်း သိပါတယ်။

Leave a Reply