တရုတ်နယ်စပ်ကုန်သွယ်ရေးဂိတ်များပိတ်ထားခြင်းကြောင့် မြစ်ကြီးနားမြို့ တွင်ကုန်ပစ္ညည်းဈေးနှုန်းမြင့်တက်ကာ အခြေခံလူတန်းစား မိသားစုများ အခက်အခဲကြုံနေရ
၂၅၊ အောက်တိုဘာ၊ ၂၀၂၄
ကချင်ပြည်နယ်တွင် မြန်မာ -တရုတ် နယ်စပ်ကုန်သွယ်ရေးလမ်းများကို တရုတ်ဘက်က အောက်တိုဘာ ၁၉ မှ စပြီး ပိတ်လိုက်တာကြောင့် မြစ်ကြီးနားမြို့ အတွင်း ကုန်ဈေးနှုန်းများ တစ်နေ့တစ်နေ့ပိုမြင့်တက်လာတယ်လို့ မြို့ခံများထံမှ သိရပါတယ်။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် တရုတ်ဘက်မှ ဝင်တဲ့ အခြေခံ စားသောက်ကုန်နဲ့ စားသုံးကုန်၊ လူသုံးကုန်ပစ္စည်းများ အောက်တိုဘာ ၂၀ ရက်လောက်မှစတင်ဈေးမြင့်တက်လာတဲ့အတွက် မိသားစုအတွက် စားဝတ်နေရေးအခက်အခဲဖြစ်လာတယ်လို့ ကုန်တင်ကုန်ချအလုပ်လုပ်တဲ့ အသက် ၄၀နှစ်ကျော် အမျိုးသားတစ်ဦးကပြောပါတယ်။ “ရှေ့တစ်ရက်နှစ်ရက်ကဘဲ ကြက်ဥတစ်လုံးမှာ ၇၀၀နဲ့ ၈၀၀ ကြားရှိနေတာ ဒီနေ့ တစ်လုံးမှာ ၁၀၀၀ – ၁၂၀၀ ကြားဖြစ်သွားပြီ။ တစ်ခြား တရုတ်ဘက်က ဝင်တဲ့ ပစ္စည်း ကြက်သွန်တို့၊ စားအုန်းဆီ၊ ခရမ်းချဉ်သီးတို့ အကုန် ဈေးတက်တယ်။ အခုဝင်ငွေနဲ့တော့ အိမ်မှာ ဟင်းတစ်ခွက်စားနိုင်ဖို့တောင် အနိုင်နိုင်ဘဲ။” လို့ သူကပြောပါတယ်။ ထို့အတူ တရုတ်ဘက်က ကုန်ပစ္စည်းများ မဝင်တော့တာကြောင့် ကုန်စုံဆိုင်အသေးများ ကုန်ပစ္စည်းများပြတ်လပ်လာကြောင်း ကုန်စုံဆိုင်ရောင်းသူ အသက် ၃၅နှစ်ခန့် အမျိုးသမီး တစ်ဦးမှပြောပါတယ်။ “တရုတ်နယ်စပ်တွေမှာ လမ်းပိတ်လိုက်လို့ အခုတရုတ်ဘက်က ပစ္စည်းတွေ မဝင်တော့ဘူးဆိုတော့ ကျွန်မတို့ ဆိုင်မှာလည်း ပစ္စည်းတွေပြတ်နေပြီ” လို့ သူမကပြောပါတယ်။ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်များမှ ဇွန်လိုင်လ ၇ ရက်ကနေ မန္တလေး- မြစ်ကြီးနား ကားလမ်းကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်ချိန်ကစပြီး တရုတ်နယ်စပ်ဘက်မှဝင်လာတဲ့ ကုန်ပစ္စည်းများကိုသာ အဓိကအားကိုးနေရတယ်လို့ သူမကဆက်ပြောပါတယ်။ မြန်မာ – တရုတ် နပ်စပ်ဖြစ်တဲ့ ကချင်အထူးဒသ(၁)ပန်ဝါမြို့ကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၉ ရက်တွင် KIA နဲ့ KPDF ပူးပေါင်းတပ်တို့ တိုက်ခိုက်သိမ်းပိုက်အပြီးတွင် နယ်စပ်ကုန်သွယ်ရေးဂိတ် ကံပိုင်တည်၊ လွယ်ဂျယ်၊ ပန်ဝါ စတဲ့ ဂိတ်များကို တရုတ်ဘက်မှ ပိတ်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။
