
စစ်ကောင်စီမှ ဝါးရှောင်ကျေးရွာကို လေယာဉ်ဖြင့် ဗုံးကြဲ
ဝိုင်းမော်မြို့။ ၂၇၊နိုဝင်ဘာလ၊ ၂၀၂၄
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့ ဝါးရှောင်ကျေးရွာကို ယမန်နေ့ ညနေ ၃:၀၀နာရီခန့်က စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ ကြောင်းနဲ့ဆည်မြောင်းဦးစီးဌာနရုံးတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်းကို ဒေသခံအမျိုးသားတစ်ဦးထံမှ သိရတယ်။
” ညနေ ၃:၂၀ ခန့်က တိုက်လေယာဉ်နဲ့ နှစ်ကြိမ် လာကြဲတယ်။ အရင်က စစ်ကောင်စီရဲ့ ဆည်မြောင်းဦးစီးဌာနရုံးမှာ ကျပြီး အဆောက်အအုံပျက်စီးသွားတယ်။ ရွာသားတွေ ထိခိုက်တာမရှိဘူး” လို့သူကပြောပါတယ်။
ထို့အတူ ပြီခဲ့တဲ့ နိုဝင်ဘာလ ၂၄ရက်နေ့ကလည်း ဝိုင်းမော်မြို့နယ် မုတ်ကျိတ်နဲ့ နမ့်ဝါကျေးရွာကို Y 12 ဖြင့် ဗုံးကြဲခဲ့တာရှိကြောင်းသူက ဆက်ပြောပါတယ်။
” ဟိုအပတ် တနင်္ဂနွေနေ့ ကလည်း မုတ်ကျိတ်ကျေးရွာနဲ့ နမ့်ဝါကျေးရွာကို Y12 နဲ့ ဗုံးလာကြဲခဲ့တယ်” ဆိုပြီး သူက ပြောပါတယ်။
အဆိုပါ ဝါရှောင်အပြင် စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲ ဖျက်စီးတဲ့ ကျေးရွာများက KIA တို့မှ တိုက်ခိုက် သိမ်းယူထားပြီး အုပ်ချုပ်လည်ပတ်နေသော ကျေးရွာများဖြစ်ပါတယ်။
