
အောက်တိုဘာ ၃ ၊ ဖားကန့်
ဖားကန့်မြို့၏စစ်ရေးအခြေအနေက အလွန်ပြင်းထန်နေပြီး နှစ်ဖက်လက်နက်ကိုင်များ၏အပြန်အလှန် ပစ်ခတ်မှုများကြောင့်လူများစွာသေဆုံးပြီး ထိခိုက်ဒါဏ်ရာရသူများလာကြောင်း မိုးညှင်းသို့ စစ်ဘေးရှောင်လာသူအမျိုးသမီးကပြောသည်။
“ကျမတို့မိုးညှင်းကိုမရှောင်ခင် စက်တင်ဘာ၁၇
ရက်နေ့ နေ့လည်တနာရီလောက်မှာ ဖားကန့် လျှပ်စစ်ရုံးနား မီတာဆောင်ကြတဲ့ပြည်သူတွေအများကြီးရှိနေတဲ့အချိန်မှာ စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကျဲတာ လူတွေ အများကြီးသေကုန်တယ်။ အမျိုးသမီးတယောက်နဲ့အမျိုးသားတယောက်ကျမရှေ့တင်ဘဲ ခါးပြတ်ပြီးသေသွားတယ်။လေးယောက်က ဒါဏ်ရာတော်တော်ပြင်းတယ်၊ဗုံးစမှန်လို့ ဒါဏ်ရာရတဲ့သူတွေလဲ အများကြီးဘဲ၊ အိမ်တွေလဲ မီးလောင်ကုန်တယ်၊မီးလောင်နေတဲ့ကြားထဲပြေးကြလွှားကြနဲ့ အလောင်းကောက်မဲ့သူတောင်မရှိဘူး၊”ဟုယင်းအမျိုးသမီးကပြောသည်။
သုံးရက်ဆက်တိုက်တိုက်ပွဲဖြစ်ပွားပြီး၊ တိုက်ပွဲငြိမ်နေစဉ် စားဝတ်နေရေးအတွက်ဈေးထွက်ရောင်းနေသော ကလေးနှစ်ယောက်မိခင်အား လက်နက်ကြီးစမှန်သောကြောင့် ပြင်းထန်ဒါဏ်ရာ ရရှိသွားကြောင်း မိုးညှင်းသို့စစ်ဘေးရှောင်လာသောမျက်မြင်သက်သေတဦးက ပြောသည်။မော်တောင် ပအို့ကုမ္ပဏီဝင်းနှင့်ဥရုချောင်းဘေးကရပ်ကွက်ထဲရှိဆီဆိုင်ပေါ်သို့ လက်နက်ကြီးကျသောကြောင့်မီးလောင်သွားကြောင်း ဖားကန့် အေးမြသာယာတွင်နေထိုင်သောအမျိုးသမီးတဦးကပြောသည်။
“ဆိုင်းတောင်လက်ကီးမန်းဟော်တယ်(Lucky Man Hotel)မှာ တည်းတဲ့KIA တွေကိုစစ်တပ်ကဝင်စီးပြီး ဟော်တယ်ဝန်ထမ်းတွေကိုပါ ဖမ်းခေါ်သွားတာ၊ဝန်ထမ်းတချို့ကို ညနေပိုင်းမှာပြန်လွတ်ပေးပေမယ့် မိန်းကလေးတချို့ကိုဖမ်းထားပြီး စစ်သားတွေ မတရားပြုကျင့်တယ်လို့ကြားတယ်၊အဲ့ဒီနောက်ပိုင်းမှာ
ဆိုင်းတောင် ဆိပ်မူကတိုက်ပွဲပြင်းထန်လာတာ ၊ ကျွန်တော်တို့နေတဲ့ဖားကန့် ဒီဖက်ကမ်းကနေ ဗျူဟာကုန်းကနေ လက်နက်ကြီးထုတာ ၊လူနေအိမ်ပေါ်တွေလက်နက်ကြီးကျတာတွေ ၊အိမ်မီးလောင်တာတွေ၊ဒရုန်းနဲ့ထုချတာတွေ အကုန်မြင်နေရတယ် ၊နေတိုင်းလက်နက်ကြီးသံတွေနဲ့ လူတွေ အော်ဟစ်ပြေးလွှားနေတဲ့အသံတွေဘဲ ကြားနေရတာ၊
KIA+PDF တွေက ဖားကန့်မြို့နယ်မှာရှိတဲ့ပြည်သူတွေကိုတိမ်းရှောင်ခိုင်းတာမို့ စက်တင်ဘာ၂၀ရက်နေ့ကထဲက ပြည်သူတွေ အကုန်ရှောင်လာကြလို့ အဆင်းကားတွေမရှိကြတော့ဘူး၊အဆင်းကားဆိုရင်ကားခက၂သိန်းခွဲဖြစ်သွားတယ် ၊ကျွန်တော်တို့ဆိုရင် ကားမရှိတော့လို့ ဆိုင်ကယ်နဲ့ဆင်းလာရတာ၊ တချို့လဲ နီးစပ်ရာလုံးခင်းဖက်ကိုရှောင်ကြတယ်။ “လို့ ရှောင်တိမ်းကြရတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။
ဆိုင်းတောင်လေယာဉ်နှင့်ဗုံးကျဲခံရသည့်နေ့၏ မနက်ပိုင်းတွင် လက်ပြန်ကြိုးတုတ်လျှက်သေဆုံးနေသောအမျိုးသမီးတဦးနှင့် အမျိုးသားလေးဦး၏အလောင်းအားဥရုချောင်းထဲမျှောပါလာသည်ကိုတွေ့ရကြောင်း ဆိုင်းတောင်တွင်နေထိုင်သောအမျိုးသမီးကပြောသည်။
ကချင်ပြည်နယ်၊ဖားကန့်မြို့မှ မြစ်ကြီးနား၊မိုးညှင်းနှင့် မန္တလေး မြို့ဖက်သို့ စစ်ဘေးရှောင်များ ရောက်လာသောကြောင့် ယင်းမြို့များရှိ ဟော်တယ်၊တည်းခိုခန်းနှင့် အိမ်ခန်းငှားများတွင် လူများပြည့်နေကြောင်း ဟော်တယ်လုပ်ငန်းလုပ်ကိုင်သူများကပြောဆိုနေကြသည်။
လက်ရှိ ဖားကန့်မြို့နယ်တွင် မှော်တောင်းဂိတ်၊ မမုံလေဆိပ်နှင့် ဖားပြင်ဂိတ်တို့အားKIA+PDF တို့မှဂိတ်ထိုင်ကာပိတ်ထားပြီး ဝှေခါလမ်းတွင် မနက်၆နာရီမှ မနက်၉နာရီကြားသာ ဖြတ်သန်းခွင့်ပေးကြောင်းသိရသည်။
Red PowerRanger 
ဓာတ်ပုံ။ အွန်လိုင်း
