
လူ့အခွင့်အရေးချိုးဖောက်မှု – ညှင်းပန်းနှိပ်စက်မှု
ဆော့လော်မြို့နယ်၊ မျော်ဂျောင်ကျေးရွာနေထိုင်သူ ဦး*** သည် အိမ်ဝရံတာပြင်ဖို့အတွက် ယောက္ခမတို့ရဲ့ဝါးရုံမှာ ဝါးခုတ်သွားသည်။ ဝါးရုံက ကားလမ်းနဲ့ မျော်ဂျောင်ဘုရားကျောင်းကြား ရှေ့နားမှာပဲ။ ဗမာစစ်တပ်တွေက သူတို့ကို သတင်းမပေးဘဲ သွားခုတ်ရသလားဆိုပြီး စစ်သား (၈)ယောက်လောက် ဝိုင်းရိုက်ထားတယ်။
စစ်တပ်က ဝါးခုတ်ရင် သို့မဟုတ် တစ်ခုခုလုပ်ရင် သူတို့ကိုအကြောင်းကြားရမယ်လို့ ကြိုတင်အသိပေးထားတာလည်း မရှိဘူး။ စစ်တပ်ကိုခွင့်တောင်းပြီး လုပ်ရတယ်လို့လည်းမသိဘူး။ ကိုယ်နဲ့ဆိုင်တဲ့ ဝါးရုံဖြစ်လို့ခုတ်တာပဲ။
စစ်သား (၈)ယောက်လောက်ဆင်းလာတာတွေ့လို့ကျွန်တော်ထွက်ပြေးတော့ လိုက်ဖမ်းပြီးဝိုင်းရိုက်တယ်။ တစ်ယောက်က သေနတ်နဲ့ချိန်ထားတယ်။ ကျန်တဲ့သူတွေက လက်ကိုဘယ်ညာချုပ်ထားပြီး အရှေ့ကနေရော အနောက်ကနေရောထိုးတယ်၊ ကန်တယ်။ ရင်ဘတ်တွေ၊ မျက်နှာတွေ ခန္ဓာကိုယ်တစ်ခုလုံးထိုးကြိတ်ကန်တယ်။ အချက်ပေါင်းမမှတ်မိတော့ဘူး။ ရင်ဘတ်တွေမှာ ကျောက်ခဲနှင့်လည်းထုပေးတယ်။
ရုန်းပြီးခြေလှမ်း သုံးလေးလှမ်းလောက်ပဲ ထွက်ပြေးရသေးတယ် ဝါးလုံးနဲ့ခြေထောက်မှာ လှမ်းရိုက်ပေးတယ်။ ငါးမိနစ်လောက်ဝိုင်းရိုက်တယ်။ သူတို့လွှတ်ပေးလို့ လွှတ်လာတာမဟုတ်ဘူး။ ရုန်းပြီးထွက်ပြေးလို့လွှတ်လာတာ။
နှိပ်စက်ခံရပြီးနောက်ဆက်တွဲ
—————————-
အိမ်ရောက်ပြီး ခဏအကြာမှာ ဦး*** ရဲ့ဇနီးက အဲဒီစစ်တပ်ရှေ့ကနေ ဖြတ်လာတယ်။ ဖြတ်လာချိန် စားဆေးပြား နှစ်တောင့်နဲ့ သွေးအရမ်းထွက်လာရင် ကပ်ပေးဖို့အတွက် ဝါဂွမ်းမှာ ဆေးရည်နည်နည်းလေး ကပ်ပြီးပေးလိုက်တယ်။
ဦး*** ရိုက်နှက်ခံရတဲ့သတင်းကြားလို့ နောက်ရက်မနက် ၁၀း၀၀နာရီ၀န်းကျင်မှာ ဆရာမ*** နှင့် ဆရာ*** က အဖြစ်အပျက် မေးဖို့အတွက်လာခဲ့တယ်။ အလာလမ်းမှာ မျော်ဂျောင်ဘုရားကျောင်းနှင့် စစ်တပ်နားရောက်တော့ ဒုတပ်ရင်းမှူးက “ဘယ်သွားမလဲ”လို့မေးတယ်။ “လူနာဆီသွားမယ်”လို့ပြောတော့၊ “ခဏနေအုံး”ဆိုပြီး (စစ်တပ်ကုန်းကနေ)ဆင်းလာတယ်။ “အဲဒီဘိုးတော်က လူနာမဟုတ်ဘူး။ မတော်တဆဖြစ်တာ” လို့ပြောတယ်။
ဆရာမ***နှင့် ဆရာ*** တို့သွားကြည့်ချိန် ဦး*** ကရိုက်နှက်ဒဏ်ရာများယောင်ပြီး အိပ်နေတာကို နိုးပြီးလက်ဆွဲနှုတ်ဆက်ပဲ လုပ်ရသေးချိန် စစ်တပ်ကနေ သုံးယောက်လိုက်လာတယ်။
အဲဒီသုံးယောက်မှာ နှစ်ယောက်ကဗမာ၊ ကျန်တစ်ယောက်က လချိတ်စကား လော်ဝေါ်စကား(ဒေသခံစကား) အားလုံးနားလည်တယ်။ အဲဒီတော့ ဆရာမ***နှင့်ဆရာ***က ဦး*** နဲ့ ဘာမှပြောလို့မရတော့ဘူး။ စကားပြောတာနဲ့ မှတ်တမ်းယူဖို့အဆင်သင့်လုပ်ထားပြီးဖြစ်နေတယ်။ ဦး*** ကို တစ်ယောက်တည်းလိုက်လာဖို့ မှာထားခဲ့တယ်။
နောက်ရက်ရောက်တော့ စစ်သားတွေက ဦး***ကိုမေးတယ်။ “ဆရာ**** ခေါ်တယ်မဟုတ်လား”ဆိုပြီးမေးတယ်။ “ဟုတ်တယ်”လို့ပြောတော့ ဆိုင်ကယ်နဲ့တက်သွားရအောင်လို့ပြောပြီး ဒုတပ်ရင်းမှူးကိုယ်တိုင်လိုက်ဖို့လုပ်တော့ ဦး*** ကဆိုင်ကယ်စီးလို့မရဘူးလို့ပြောတယ်။
ခြေကျင်ဖြည်းဖြည်းလေး လျှောက်သွားမယ်လို့ပြောတယ်။ စစ်သားတွေက ကားနဲ့လိုက်ပို့မယ်ဆိုပြီး ကားပေါ်တက်ခိုင်းတယ်။ ဒုတပ်ရင်းမှူးနဲ့ သူ့တပည့်သုံးယောက် ဆရာ***နဲ့ချိန်းဆိုထားတဲ့ ဦး***အိမ်မှာရောက်လာတယ်။
ဒုတပ်ရင်းမှူးပြောတာက “ကျွန်တော့ရှေ့မှာမေးကြည့် ဆရာဂျာနယ်ထဲမှာထည့်မယ်ဆိုလည်း ကျွန်တော့ရှေ့မှာပဲသူ့ကိုမေး ဘယ်မှာသတင်းပို့မလဲ။ ကျွန်တော့်အသံလည်းထည့်ရမယ်။” လို့ပြောတယ်။
ဆရာဦး***က ဘာမှပြောလို့မရတော့ သူတို့အားလုံးကိုထားခဲ့ပြီး ဘာသာရေးကိစ္စနဲ့ အပြင်ထွက်သွားလိုက်တယ်။ နေ့လည် ၁၁း၀၀နာရီလောက်မှ ပြန်လာကြည့်တယ်။ စစ်သားတွေက ဦး*** ကို မရမကခေါ်သွားတယ်။
ကချင်တိုင်းရင်းဆေးကို ရက်ပေါင်းနှစ်ဆယ်သောက်ရတယ်။ ဦး*** ကို ဆေးကုပေးတဲ့သူက အောက်ဆော့လော်ရွာက ဒေါ်****ဟုတ်တယ်။ သုံးရက်တိတိဘာမှမမြင်ရဘူး။ လှုပ်လို့လည်းမရဘူး။ တစ်ပတ်လောက် အားစိုက်လို့လည်းမရဘူး။ ဆယ်ရက်ကျော်လာမှ လမ်းနည်းနည်းလျှောက်လို့ရလာတယ်။
စစ်သားတွေရိုက်နှက်ထားတဲ့နောက် ညဘက်ကျရင် မျက်ရည်ကျကျလာတယ်။ ပြီးတော့ခေါင်းကို မြန်မြန်လှည့်လို့မရဘူး။ လှည့်လိုက်ရင် အပ်နဲ့ထိုးသလိုခံစားရတယ်။လှုပ်လှုပ်ရှားရှား အလုပ်လုပ်ရင်ကျောတွေထဲ ဆို့ဆို့နင့်နင့် နာကျင်ခံစားရတယ်။
