လူ့အခွင့်အရေးဆိုတာဘာလဲ

လူ့အခွင့်အရေးဆိုသည်မှာ လူဖြစ်သဖြင့်ရရှိသည့် အခွင့်အရေးဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရလျှင် လူသားများသည် လူဖြစ်သဖြင့်လွတ်လပ်မှု (သို့မဟုတ်) ထိုက်သင့်သည့်လူနေမှုအဆင့်အတန်းကို ရရှိသင့်သည်။ လူ့အခွင့်အရေးဆိုသည်မှာ မည်သည့်အခြေအနေတွင်မဆို လူသားတိုင်းသည်လူ့ဂုဏ်သိက္ခာအပြည့်အဝဖြင့် အသက်ရှင်နေထိုင်ခွင့်နှင့် လူသားကဲ့သို့ပြုမူဆက်ဆံရမည်ဟူသော မွေးရာပါအခွင့်အရေးအချက်ပေါ် အခြေခံထားသောစံနှုန်းဖြစ်သည်။ ဤအဓိပ္ပါယ်ဖွင့်ဆိုချက်အရ လူ့အခွင့်အရေးသည် တရားဥပဒေဆိုင်ရာ အကြောင်းအရာဖြစ်ပြီး အစိုးရနှင့်အခြားအစုအဖွဲ့များက လူသားများ၏လွတ်လပ်မှုကို ပိတ်ပင်ခြင်း(သို့မဟုတ်) မလိုလားအပ်သည့် ဒုက္ခဝေဒနာများ ခံစားစေခြင်းမရှိစေရန် တားဆီးထားသည်။ လူ့အခွင့်အရေးကိုရရှိရန် တစ်ခုတည်းသောလိုအပ်ချက်မှာ လူသားဖြစ်ရန်ဖြစ်ပြီး အခြားသတ်မှတ်ချက်များဖြစ်သည့် အရည်အချင်း (သို့မဟုတ်) အသိပညာများမလိုအပ်ပေ။
အသားအရောင်၊ လူမျိုး၊ ကိုးကွယ်သည့်ဘာသာ၊ နိုင်ငံရေး၊ လူမှုရေး၊ အတွေးအခေါ်၊ လိင်ကွဲပြားမှုမရွေး လူ့အခွင့်အရေးအားလုံးသည် လူသားအားလုံးအပေါ် တန်းတူညီမျှမှုရှိသည်။ လူသားတို့သည် တစ်ယောက်နှင့်တစ်ယောက် တစ်နေရာရာတွင်ကွဲပြားနိုင်သော်လည်း လူဖြစ်ခြင်းဆိုသည့်အချက်သည် အားလုံးတူညီသည့်အတွက် လူ့အခွင့်အ‌ရေးမှာလည်း လူသားအားလုံးအတွက်ဖြစ်သည်။ လူသားအားလုံးသည် မည်သည့်အချက်ကြောင့်မှ ခွဲခြားခံရခြင်းမရှိဘဲ မွေးဖွားလာသည်မှစတင်ပြီး လွတ်လပ်၍ တန်းတူညီသော လူ့ဂုဏ်သိက္ခာနှင့် အဆင့်အတန်းရှိသည်။

 

Leave a Reply