
လျှပ်စစ်မီးရရှိမှု လျှော့နည်းလာမှုကြောင့် မိုးညှင်းမြို့နေ ပြည်သူလူထုများ၏ အခြေခံအခွင့်အရေးများ ထိခိုက်လာ ‘
ကချင်ပြည်နယ်။ ၂၃ ၊ ဖေဖော်ဝါရီလ ၊ ၂၀၂၆
ကချင်ပြည်နယ် မိုးညှင်းမြို့တွင် လျှပ်စစ်မီး ရရှိမှု ( ၁ ) ရက်ထက် ( ၁ ) ရက် ပိုမိုလျော့နည်းလာ နေပြီး၊ ဒေသခံပြည်သူလူထုများ၏ နေ့စဉ်လူနေမှုဘဝ နှင့် အခြေခံ ဝန်ဆောင်မှု အသုံးပြုခွင့်များ အပေါ် ထိခိုက်မှုများ ပိုမိုမြင့်တက်လာနေကြောင်း ဒေသခံများက ပြောသည်။
မိုးညှင်းမြို့နေ ပြည်သူလူထုများ၏ ပြောကြားချက်အရ ( ၂၀၂၅ ခုနှစ် ) တွင် တစ်ရက်လျှင် မီးပြတ်ချိန် ( ၇ နာရီ ) နှင့် မီးလာချိန် ( ၁၂ နာရီ ) ခန့်ရှိခဲ့သော်လည်း ယခုနှစ်တွင် မီးပြတ်ချိန် ( ၁၅ နာရီ ) နှင့် မီးလာချိန် ( ၈ နာရီ ) သာ သတ်မှတ်ပေးထားကြောင်း သိရှိရသည်။ သို့သော် လက်တွေ့တွင် မီးလာချိန်မှာ မမှန်ကန်ဘဲ ( ၃ ) ရက်မှ ( ၄ ) ရက်အထိ ဆက်တိုက် မီးမရရှိသည့် အခြေအနေများပါ ကြုံတွေ့နေရကြောင်း ဒေသခံများက ဆိုသည်။
” ကျွန်မက မိုးညှင်းမြို့ အရှေ့ဖက်ခြမ်းမှာနေတာ၊ မနက် ( ၈ နာရီ ) မီးပေးမယ်လို့ ထုတ်ပြန်ထားပေမယ့် မနက် ( ၉ နာရီ ) ကျော်မှ မီးလာတယ် ၊ နေ့လည် ( ၁၂ နာရီ ) အထိလို့ ကြေညာထားပေမယ့် ( ၁၁ နာရီ ) ခွဲဆိုပျက်ပြီ၊ ည ( ၁၂ နာရီ ) ကနေ မနက် ( ၄ နာရီ ) မှ မီးပြန်လာ တော့ လူအိပ်ချိန်ရောက်ပြီ လေ၊ တစ်ချို့ဆို တစ်နေကုန်အလုပ်သွားကြရတော့ ည ( ၁၂ နာရီ ) မှ ရေတွေတင်ကြတာ၊ကြတ်ရွာ ရောက်နေသလိုဘဲ “ဟု အသက် ၄၀ အရွယ် အမျိုးသမီး တစ်ဦးမှ ယခုလို ပြောသည်။
လျှပ်စစ်မီးရရှိမှု မတည်ငြိမ်မှုကြောင့် ရေတင်ခြင်း ၊ အစားအသောက်များ ချက်ပြုတ် ပြင်ဆင်ခြင်းနှင့် နေ့စဉ် အသက်မွေးဝမ်းကျောင်း လုပ်ငန်းစဉ်များအပေါ်တွင် အခက်အခဲများစွာ ကြုံတွေ့နေရပြီး ၊ အချို့ အလုပ်သမားများသည် ညသန်းခေါင်ယံအချိန်များ၌ အိမ်မှုကိစ္စလုပ်ငန်းများ ဆောင်ရွက်နေရကြောင်း သိရသည်။
ထို့အပြင် နိုင်ငံရေးမတည်ငြိမ်မှုနှင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုတို့၏ နောက်ဆက်တွဲ အဖြစ် ကုန်စျေးနှုန်းများ မြင့်တက်လာပြီး မီးသွေး ( ၁ ) အိတ်လျှင် ကျပ် (၄၀,၀၀၀) လေးသောင်း ခန့်ဖြင့် ဝယ်ယူအသုံးပြုနေရကာ မိသားစုများ၏ နေ့စဉ်ချက်ပြုတ်စားသောက်ရေးတွင်လည်း ဝန်ထုပ်ဝန်ပိုးများ ပိုမိုတိုးလာနေကြောင်း ဒေသခံများက ပြောဆိုသည်။
လူ့အခွင့်အရေး ရှုထောင့်အရ လူတိုင်းသည် လုံလောက်သော နေထိုင်မှုအဆင့်အတန်း ရရှိရန် အခွင့်အရေးရရှိကြောင်း ဖော်ပြထားပြီး၊ လက်ရှိ လျှပ်စစ်မီး မတည်ငြိမ်မှုသည် ဒေသခံပြည်သူလူထုများ၏ လူနေမှုဘဝ နှင့် အခြေခံလူ့အခွင့်အရေးများအပေါ် ယင်းကိစ္စရပ်များသည် များစွာချိုးဖောက်ခံနေရကြောင်း တွေ့မြင်နိုင်ပါသည်။
