စစ်ဆေးရေးဂိတ်များ တိုးမြှင့်ထားခြင်းကြောင့် ဒေသခံပြည်သူများ၏ လွတ်လပ်စွာ သွားလာခွင့် ထိခိုက်လာ
ကချင်ပြည်နယ်။ ၂၂ ၊ ဇန်နဝါရီလ ၊ ၂၀၂၆။
ပြည်သူများအနေဖြင့် မိမိတို့ဒေသအတွင်း လွတ်လပ်စွာ သွားလာနိုင်ခွင့်သည် လူ့အခွင့်အရေးအခြေခံများအနက် အရေးပါသည့် အခွင့်အရေးတစ်ရပ်ဖြစ်ပြီး ယင်းအခွင့်အရေးသည် ကျန်းမာရေး၊ ပညာရေး၊ အလုပ်အကိုင်၊လူမှုဘဝများနှင့် တိုက်ရိုက် ဆက်နွယ်လျက် ရှိသည်။
ဇန်နဝါရီလ မှ စတင်ကာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် အတွင်းရှိ ပလန ကျေးရွာ အ.ထ.က ကျောင်း၏ အထက်ဘက်နှင့် အောက်ဘက်ခြမ်းများ တွင် စစ်ကော်မရှင်မှ စစ်ဆေးရေးဂိတ်များကို ပိုမိုတိုးမြှင့်ထားပြီး စစ်ဆေးမှုများကို အလွန်အကျွံ ပြုလုပ်နေကြောင်း တွေ့ရှိရသည်။ ထို့အတူ ( ၈ ) မိုင် ၊ (၁၀) မိုင်ကုန်း၊ လမြန်ကျေးရွာ အထက်ဘက် အောင်မြင်သာ ငွေပျော်စံပြကျေးရွာတစ်လျှောက်သွားရာ လမ်းပိုင်း တို့တွင်လည်း စစ်ကောင်မရှင်၏ တပ်ယာဉ်များ ရပ်နားကာ ပြည်သူများအား စစ်ဆေးမေးမြန်းမှုများ ပြုလုပ်လေ့ရှိနေကြောင်း ဒေသခံများထံမှ သိရှိရပါသည်။
အဆိုပါ စစ်ဆေးရေးဂိတ်များ တိုးမြှင့်ထားခြင်းကြောင့် ဒေသအတွင်း သွားလာနေသော ပြည်သူများ နှင့် စီးပွားရေးလုပ်ကိုင်နေသူတချို့ နေ့စဉ် သွားလာရေးလုပ်ငန်း စဉ်များ၌ အခက်အခဲများဖြင့် ကြုံတွေ့နေရပြီး ထိုအကြောင်းအရာနှင့် ပတ်သတ်၍ ဒေသခံပြည်သူတစ်ဦးက ပြောကြားသည်မှာ “နေ့စဉ် လမ်းသွားလမ်းလာချိန်တိုင်း စစ်ဆေးရေးဂိတ်တွေမှာ ရပ်တန့်စစ်ဆေးခံရတယ်။ မှတ်ပုံတင်နဲ့ ဖုန်းတွေ ယူပြီးလည်း စစ်တယ်လေ တခါတရံ Starlink Wifi နဲ့ အင်တာနက် ဖုန်းလိုင်းတွေဖွင့်ပြီး စစ်ဆေးတာမျိုးတောင် ရှိတယ်။ အဲ့အပြင် ဆိုင်ကယ်တူးဘောက်ဖွင့်ခိုင်းပြီး ဘယ်သွားမလဲ၊ ဘာသွားလုပ်မလဲဆိုတာတွေအရမ်းကြပ်တည်းစွာ မေးမြန်းခံရတယ်” ဟု ပြောသည်။
ထိုကဲ့သို့ အလွန်အကျွံစစ်ဆေးမှုများကြောင့် ပြည်သူများအတွက် မလိုလားအပ်သော စိတ်ပိုင်းဆိုင်ရာ ဖိအားများ ဖြစ်ပေါ်လာသည့်အပြင် သွားလာရေးတွင်လည်း အချိန်ကြာမြင့်မှု ကန့်သတ်မှုများ ရှိလာကြောင်း သိရှိရသည်။
အလုပ်အကိုင်ပိုင်းဆိုင်ရာတွင်လည်း မြို့ပေါ်သို့ နေ့စဉ်အလုပ်သွားလုပ်ရသည့် ဒေသခံပြည်သူအချို့သည် စစ်ဆေးရေးဂိတ်များကြောင့် သွားလာရေးနှောင့်နှေးမှုများ ဖြစ်ပေါ်လာပြီး အလုပ်သွားလာရာတွင်လည်း နောက်ကျခြင်း၊ အလုပ်ချိန် မမှန်ခြင်းများ ကြုံတွေ့လာရပြီး ထိုအခြေအနေများကြောင့် သူတို့၏ နေ့စဉ်ဝင်ငွေ လျော့နည်းလာခြင်းနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ထိခိုက်လာခြင်းများ ဖြစ်ပေါ်နေသည်ဟု သိရသည်။
အဆိုပါ အခြေအနေများကို သုံးသပ်ကြည့်ပါက လက်ရှိဒေသအတွင်း ဆောင်ရွက်နေသော လုံခြုံရေးဆိုင်ရာ စစ်ဆေးကန့်သတ်မှုများသည် ပြည်သူများ၏ မိမိဒေသအတွင်း လွတ်လပ်စွာ သွားလာနိုင်ခွင့်ဖြစ်သည့် လူ့အခွင့်အရေး အခြေခံတစ်ရပ်ကို ချိုးဖောက်နေကြောင်း ထင်ရှားလျက်ရှိသည်။ ထို့ကြောင့် လုံခြုံရေးအမည်ဖြင့် ပြုလုပ်နေသော အလွန်အကျွံ စစ်ဆေးမှုများကို ပြန်လည်သုံးသပ်ကာ ပြည်သူ့အခွင့်အရေးကို လေးစားလိုက်နာသည့် ပိုမိုကောင်းမွန်သော နည်းလမ်းများဖြင့် ဆောင်ရွက်မှုများသည် အရေးတကြီး လိုအပ်နေပါသည်။

Leave a Reply