
ဆဒုံးမြို့။ ၂၂၊ နိုဝင်ဘာလ၊ ၂၀၂၄
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဆဒုံးမြို့ကို ဒီမနက် အစောပိုင်း တစ်ကြိမ် ဗုံးလာကြဲခဲ့သလို့ ဒီညနေ ၂:၀၀ နာရီခန့်မှစပြီး ဂျက်လေယျာဥ် နှစ်စီးဖြင့် စစ်ကောင်စီမှ လေကြောင်းနဲ့ ဆက်တိုက် ဗုံးကြဲပစ်ခတ်နေကြောင်း အသက် ၂၀ကျော် ဆဒုံးမြို့ ဒေသခံအမျိုးသားတစ်ဦးထံမှ သိရပါတယ်။
“ဒီမနက်အစောပိုင်း ၃:၀၀ နာရီမှာ လေယာဉ်နဲ့ ဗုံး ၂လုံးလာချတယ်။ ဟိုတယ်ဟောင်းနဲ့ အရင်က မ.ရ.က မြို့နယ်ရုံးမှာ ကျခဲ့တယ်။ အခု ဒီညနေ ၄:၀၀ နာရီလောက်ကနေ ဂျက်လေယာဉ်နှစ်စီးနဲ့ ဗုံးလာကြဲတာ သုံးကျော့ရှိပြီ။အိမ်တွေတော့မီးလောင်နေတယ်။ လူထိခိုက်တာရှိမရှိတော့ မသိရသေးဘူး။ အခုလည်း လေယျာဉ်ပျံဝဲသံကြားနေတုန်း”လို့ သူကပြောပါတယ်။
အဆိုပါ ဆဒုံးမြို့ကို ပြီးခဲ့တဲ့ ဇွန်လ ၁၁ရက်နေ့က KIA-PDF ပူးပေါင်းတပ်တို့ တိုက်ခိုက်သိမ်းပိုက်လိုက်တာဖြစ်ပြီး ဒေသခံပြည်သူများ ပြန်လည် နေထိုင်နေပြီဖြစ်သလို KIO အုပ်ချုပ်ရေးလည်း လည်ပတ်နေပြီဖြစ်တဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၀ရက်နေ့က စစ်ကောင်စီ၏ ဝင်ငွေပေါက်တစ်ခုဖြစ်တဲ့ မြန်မာ-တရုတ်နယ်စပ်ဂိတ်ဖြစ်တဲ့ ကံပိုင်တည်မြို့ကို KIAနဲ့ PDF ပူးပေါင်းတပ်တို့ အပြီးတိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းသိရပါတယ်။
