
၂၈၊ အောက်တိုဘာ၊ ၂၀၂၄
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် မနေ့ကစပြီး စစ်ကောင်စီမှ starlink ဝိုင်ဖိုင်စက်များ လိုက်လံဖမ်းဆီး သိမ်းယူတာရှိနေကြောင်း မြို့ခံပြည်သူ အသက် ၃၀ကျော် အမျိုးသားတစ်ဦးထံမှ သိရပါတယ်။
” အသိတစ်ယောက် ပြောတာတော့ မြေမြင့်၊ ယုဇန ရပ်ကွက်ဘက်က starlink ဝိုင်ဖိုင်စက်များကို စစ်တပ်က သိမ်းနေတယ်လို့ ကြားတယ်။ ဘာလို့သိမ်းတာလဲတော့ မသိဘူးတဲ့။ ဒါကြောင့် ဒီနေ့တော့ ကျွန်တော်တို့ ရပ်ကွက်က တစ်ချို့အင်တာနက်ဆိုင်တွေမှာ လူအများကြီးလလည်းမတွေ့ရဘူး” လို့ သူကပြောပါတယ်။
ထို့ အပြင် လက်ရှိမှာ မြစ်ကြီးနားမြို့တွင် ပြည်တွင်း ပြည်ပကို ဆက်သွယ်ဖို့ ဈေးကြီးပေမဲ့ Starlink ဝိုင်ဖိုင်လိုင်းကိုသာ အကုန်အကျခံပြီးကြိုးစားသုံး နေရ ကြောင်း မြို့ခံ အသက်၂၀ ကျော် အမျိုးသမီးတစ်ဦးကပြောပါတယ်။
” MPT၊ ATOM(Telenor) ဖုန်းလိုင်းရတယ်ဆိုပေမဲ့ တစ်ချို့နေရာမှာဘဲရတာ၊ အဲ့ဒီရတဲ့နေရာဆိုလည်းလိုင်းက ပြတ်တောက်ပြတ်တောက်နဲ့ အဆင်မပြေဘူးလေ။ ဒါကြောင့် ဈေးများလဲ Starlinkဘဲ သွားသုံးရတာပေါ့။ အင်တာနက်က ပြည်တွင်းရော၊ ပြည်ပရော ပြောလို့ရတယ်လေ။” သူမကပြောပါတယ်။
အဆိုပါ Starlink စက်တွေကို စစ်ကောင်စီများမှ လိုက်လံဖမ်းဆီးသိမ်းယူတာကြောင့် အင်တာနက်ဆိုင် ဖွင့်သူများအပြင် အသုံးပြုသူများလည်းအတူတူ စိုးရိမ်နေရကြောင်းလည်း မြိုခံအင်တာနက်သုံးစွဲသူများထံမှ သိရပါတယ်။
မြစ်ကြီးနားမြို့တွင် စစ်ကောင်စီမှ ဖုန်းလိုင်း၊ အင်တာနက်လိုင်းများစပိတ်ပြီး ၁ပတ်ခန့်ကြာပြီးနောက် မြို့အတွင်း starlink ဝိုင်ဖိုင်ဖြင့် အင်တာနက်လိုင်းများကို ၁နာရီကို ၂၅၀၀၀ ကျပ်ဖြင့် အသုံးပြုလာရပြီး ယခုဆိုရင် တစ်ချို့နေရာတွေမှာ ၁နာရီကို ၅၀၀၀ကျပ်နဲ့ အသုံးပြုနေကြောင်း သိပါတယ်။ အဆိုပါ ဖုန်းလိုင်း၊ အင်နက်လိုင်းများကို ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ရက်နေ့တွင် ပိတ်လိုက်ရာ အခုဆိုရင် ၃လ ကျော်ရှိလာပြီဖြစ်ကြောင်း သိရပါတယ်။
